ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်းပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံ

ကလိန်အောင် အောက်တိုဘာ  ၁၁

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိပြီး ၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူ ဦးသီးရင် ၏ ရင်တွင်းစကားသံကို ဖော်ပြပေးလိုက်ရပါသည်။

ဦးသီးရင်၊ အသက်(၆၇)နှစ် အမှတ်(၃)ရပ်ကွက် ၊ ကလိန်အောင်မြို့

 ကျွန်တော်ကတော့ ကလိန်အောင်မြို့အမှတ်(၃)ရပ်ကွက်မှာနေထိုင်တဲ့ဦးသီးရင် ဖြစ်ပါ တယ်။ အသက်ကတော့ (၆၇)နှစ်ရှိပါပြီ။ အိမ်ကညီမဖြစ်သူ နေမကောင်းဖြစ်လို့ဆေးခန်း သွားပြတဲ့အခါမှာ ဆရာဝန်က စစ်ဆေးကြည့်ပါပြောလို့  သွားစစ်ရာက ပိုးတွေ့တာဖြစ်ပါ တယ်။ ပြီးတော့ မိသားစုဝင်တွေမှာ လည်း ကူးစက်ခံရတာဖြစ်ပါတယ်။ ကျွန်တော့်မှာ သွေးတိုးရောဂါရှိတော့ စစချင်းတော်တော်ကြောက် ခဲ့ပါ တယ်။

ဒါကြောင့် ရေဖြူ ကိုဗစ်ကုသရေးစင်တာမှာ သွားရောက်နေထိုင်ပြီး ဆေးကုသမှုခံယူပါတယ်။ ရောက်ပြီး နှစ်ရက်လောက်ကြာတော့ လည်ချောင်းနာပြီး အဖျားနည်းနည်းဝင်လာပါတယ်။ သွေးတိုးလည်းနည်းနည်း တက်လာပါတယ်။ဆရာမတွေကတော့ ဆေးပေး ပြီးလိုအပ်တဲ့ ကုသမှုတွေ လုပ်ပေးပါတယ်။ အောက်ဆီဂျင် ကျတာမျိုး မရှိလို့အောက်ဆီတော့မရှူခဲ့ရဘူး။ အရေးပေါ်လိုအပ်ရင် ခေါ်ဖို့ ဖုန်းနံပါတ်တွေလည်းပေး ထားတယ်။ ဆရာဝန်တွေ ညွှန်ကြား တဲ့အတိုင်း လိုက်နာပြီး လေ့ကျင့်ခန်းလုပ်တယ်။ ကိုယ်ခံအားကောင်း အောင်နေတယ်။ အိပ်ရေးဝအောင်အိပ်တယ်။အားရှိစေတဲ့ အစားအစာတွေများများ စားပါတယ။ အစားအ သောက်နဲ့ ပတ်သက်ပြီး အလှူရှင်တွေက နေ့တိုင်းရှိလို့အဆင်ပြေပါတယ်။

ရေဖြူကုသရေးစင်တာမှာ (၁၁)ရက်နေခဲ့ရပါတယ်။ အိမ်ပြန်ရောက်တော့လည်း ဆရာမတွေ ညွှန် ကြားတဲ့အတိုင်း အသက်ရှူလေ့ကျင့်ခန်းပုံမှန်လုပ်ပါတယ်။ အအေးမမိအောင် ဂရုစိုက်ပြီး နေထိုင်လို့ အခုဆိုရင်အတော်နေကောင်းနေပါပြီ။ ခြံထဲလည်းသွားလို့နိုင်နေပြီ။ ပင်ပန်းတာတွေတော့ မလုပ်သေးဘူး။ ကာကွယ်ဆေးတော့မထိုးရသေးဘူး။ ဆေးထိုးခွင့် ရတာနဲ့ ထိုးချင်ပါတယ်။ ကျွန်တော်တို့က လူကြီးဆိုတော့ ကိုယ်ခံအားကနည်းလာပြီ။ ရောဂါလည်းဖြစ်လွယ်တယ်။ကာကွယ်ဆေးထိုးထားရင်တော့ ရောဂါဖြစ်လာ ရင်လည်း ခံနိုင်ရည်ရှိမှာပေါ့လေ။ ဒါကြောင့် အားလုံးကိုလည်း ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်း ချင်ပါတယ်။

ကလိန်အောင်(ပြန်/ဆက်)