တနိုင်းမြို့နယ်တွင် တဝမ်ချောင်းရေမြင့်တက်လာမှုကြောင့် ယာဉ်များသွားလာရာတွင် အခက်တွေ့

တနိုင်း သြဂုတ်  ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးခရိုင်၊ တနိုင်းမြိုနယ်တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများ မြင့်တက်လာကာ တဝမ်တံတားချဉ်းကပ်လမ်း ရေတိုက်စားခံရသဖြင့် ယာဉ်များသွားလာရာ၌ အခက်အခဲ ဖြစ်လာနိုင်သောကြောင့် လမ်းကြောင်းပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် အချိန်မီပြုပြင် ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့မှ ယမန်နေ့ နံနက်(၁၀)နာရီတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း (152.5 KMနှင့် 153.0 KM)ကြား အတွင်းလမ်း အရှည်ပေ(၅၀၀)ခန့်၊ လမ်းသား ပေ(၂၅)ခန့်၊ အနက် ပေ(၁၀)ခန့် ရေတိုက်စားကာ ယာဉ်ကြီး/ယာဉ်ငယ် ဖြတ်သန်းသွားလာရာ၌ စိုးရိမ်ရပြီး လမ်းအခြေအနေမှာ ကျိုးပေါက်နိုင်သည့် အနေအထားရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် လမ်းကြောင်းပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဘတ်ဟိုး(၁)စီး၊ လုတ်ဒါ(၁)စီး တို့ဖြင့် တစ်ဘက်လမ်းလွှဲများ အချိန်မီသွားရောက် ဆောင်ရွက်လျက်ရှိရာ ယာဉ်များပုံမှန်အတိုင်း သွားလာနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့နောက်ချောင်းကမ်းပါးနှင့် ပေ(၂၀၀)အကွာမှ ကားကြီးများ သွားလာနိုင်ရေးအတွက် လမ်းကြောင်း အသစ်ဖောက်လုပ်ဆောင်ရွက်နိုင်ရေးနှင့် ချောင်းရေကျသွားချိန်တွင် ရေလမ်းကြောင်းပြောင်းလဲ စီးဆင်းနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

စိုင်းထင်ကျော်(မြို့နယ်ပြန်/ဆက်)