ကျွန်းစု အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင် စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေအား မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာနှင့် တွေ့ဆုံ၍ ယခုလိုမေးမြန်းခဲ့ပါသည်။
မေး။ ဆရာမကြီး၏ အမည်နှင့်တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။
ဖြေ။ ဆရာမကြီးကတော့ ကျွန်းစုမြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာ ဖြစ်ပါတယ်။
မေး။ ဆရာမကြီးတို့ရဲ့ အထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင်။
ဖြေ။ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသား/သူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာမှာ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အတိုင်း အသက်(၁၂)နှစ်နှင့် အထက် ဖြစ်စေရေး စိစစ်ဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်း(၈၈)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၉၉)ကျောင်းရှိပြီး အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများရဲ့ စာရင်း ပြုစုခြင်း၊ ကာကွယ်ဆေး မထိုးမှီ ကျောင်းသား/သူများရဲ့ အုပ်ထိန်းသူ မိဘများ၏ ဆေးထိုးရန် သဘောတူညီချက် ရရှိရေး ကြိုတင် ဆောင်ရွက်ထားရှိခြင်း စသည်တို့ကို သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ် ဆရာကြီးများနှင့် ကြိုတင်ညှိနှိုင်း ဆွေးနွေး၍ ဆောင်ရွက်ထားရှိပါသည်။
မေး။ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမဲ့ စုရပ်နေရာလေးတွေ သိပါရစေရှင်။
ဖြေ။ အထက(ကျွန်းစု)၊ အထက(ကတ္တလူ)၊ အထက(တာလပိုင်း)၊ အထက(ပန်းဇင်)၊ အထက (ညောင်ဘီး)၊ အထက(ပထက်)၊ အထက(သဇင်)၊ အထက(စခန်းသစ်)၊ အထက (ကံမော်)၊ အထက(မဲတော)၊ အထက(ရေကန်တောင်)၊ အထက(ခွဲ)ဒုံးပုလဲအော်၊ အထက (ခွဲ)ရှော်တောမော်၊ အထက(ခွဲ) မောင်းလှော်၊ စုစုပေါင်း (၁၄)နေရာ ရှိပါတယ်။
မေး။ ကျောင်းသား၊ ကျောင်းသူတွေကို စုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေး ချက်တွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲရှင်။
ဖြေ။ မိဘပြည်သူသိရှိနိုင်ရန် ကြော်ငြာဆိုင်းဘုတ်များ ကပ်ခြင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဖွဲ့များ အကူအညီဖြင့် အသိပေး ကြော်ငြာခြင်းများ ဆောင်ရွက်ထားရှိပါသည်။
မေး။ မကြာခင်မှာ အခြေခံပညာကျောင်းများတွေကိုလည်း ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သိရ ပါတယ်။ ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ဆရာမကြီးတို့အနေနဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယ်ရှင်။
ဖြေ။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အဆင့်သင့်ဖြစ်နေစေရန် ဌာနမှ လမ်းညွှန်ချက် များနှင့်အညီ Version 4.0 ဆန်းသစ်လွှာပုံစံတွင် ပါရှိသော အချက်အလက်များအား လိုက်နာဆောင်ရွက်ထားရှိစေရေး ကြိုတင်အသိပေးပြင်ဆင်ထားပြီး ဖြစ်ပါသည်။
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကိုလည်း ကြားပါရစေရှင်။
ဖြေ။ အသက်(၁၂)နှစ်ပြည့်ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ အားလုံး ရောဂါဘယ ကင်းဝေးပြီး အေးချမ်းသာယာစွာ ပညာသင်ကြားခွင့်ရရှိမှာ ဖြစ်တဲ့ အတွက် အထူးဝမ်းမြောက်မိပါတယ်။
မေး။ ဆရာမကြီးအနေနဲ့ ဖြည့်စွက်ပြောချင်တာ ရှိရင် ကြားသိပါရစေရှင်။
ဖြေ။ ကာကွယ်ဆေးမထိုးသင့်သူများမှအပ ကျန်တဲ့အသက်(၁၂)နှစ် ပြည့်ပြီးသူများအားလုံး ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း မိဘ/အုပ်ထိန်းသူများကို တိုက်တွန်းပြောကြား လိုပါတယ်။
အခြေခံပညာကျောင်းများမှာ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု နဲ့ ကျောင်းပြန်လည်ဖွင့်လှစ်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတွေကို ဖြေကြားပေးတဲ့ ဆရာမကြီးအား အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။
ကျွန်းစု(ပြန်/ဆက်)