ငရုတ်ကောင်း အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် ငရုတ်ကောင်းမြို့လမ်းဆုံ၊ လမ်းခွများတွင် ယနေ့နံနက်၉နာရီက အသိပညာပေး လက်ကမ်းစာ စောင်များဖြန့်ဝေခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် အသက်(၁၂)နှစ်နှင့် အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ဟူသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်ဖြင့်လည်းကောင်း ဒေသတွင်းနိုင်ငံများတွင် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်မှု အခြေအနေတို့ဖြင့် အသိပညာပေး လက်ကမ်းစာစောင်များကို မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ဦးဆောင်၍ ပညာရေးဌာနမှဆရာ၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့် ပူးပေါင်း၍ ဖြန့်ဝေပေးခဲ့ကြသည်။
ငရုတ်ကောင်းမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင် ရေးအတွက် ဆေးထိုးအုပ်စု(၅)အုပ်စုခွဲကာ စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်း (ပြန်/ဆက်)