မြို့သစ် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချ လျက်ရှိသည့် ကွန်ကရစ် ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ ဦးမျိုးဝင်းထံက သိရသည်။
“ကွန်ကရစ် ပစ္စည်းအနေနဲ့ အဓိကရောင်းအားကောင်းတာက ကွန်ကရစ်ကျောက်တိုင်နဲ့ ရေကန်များ ဖြစ်ပါတယ်။ တခါတရံ ကျေးလက်လမ်းများ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ရေပြွန်များလည်း ရပါတယ်။ ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေနဲ့ ကျောက်ဈေးများ သိသိသာသာ ဈေးမတက်သော်လည်း သံချောင်းဈေးကတော့ ထက်ဝက်ခန့် တက်ခဲ့ပါတယ်။ ကုန်ကြမ်းစျေးတက်သော်လည်း ရောင်းစျေးကိုတော့ ဝယ်လိုအား အပေါ်မူတည်ပြီး ဈေးအနည်းငယ်သာ တက်ခဲ့ပါတယ်၊ ဆိုင်ကို မြို့သစ်မြို့၊ ရွှေလရောင် ကွက်သစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမှာ ဖွင့်ထားပါတယ်”ဟု ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူ ဦးမျိုးဝင်းက ပြောသည်။
ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်(အကြီး/အသေး) ကွန်ကရစ် ရေကန်(အကြီး/အသေး) ကွန်ကရစ်ပြွန်ဆိုဒ်စုံ၊ မိလ္လာသုံးကျောက်ပြားနှင့် အခြားအော်ဒါမှာယူသော ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)