ရှမ်းရွာသစ်မြို့တွင် စာရေးဆရာမ အေးဖြူရေးသားသော "ဖတ်မိသမျှတွေမျှဝေပေးဖို့" စာအုပ်ဖြင့် စာဖတ် ဝိုင်း ပြုလုပ်ကျင်းပ

ရှမ်းရွာသစ် အောက်တိုဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမ အေးဖြူ ရေးသားသော "ဖတ်မိသမျှတွေ မျှဝေပေးဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ-၃ ဒေါ်ဇင်မိုးအေး က လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့် ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  စသည်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်ပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းမှ စာပေ ဝါသနာရှင် များက စာရေးဆရာမ အေးဖြူရေးသားသော "ဖတ်မိသမျှတွေမျှဝေပေးဖို့" စာအုပ်တွင် ပါရှိ သည့် ရာသီတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှုနှင့် အမျိုးသမီးငယ်တို့၏ ဘဝ၊ ဘဝအောင် မြင်ရေးနှင့် သိပ္ပံနည်းပညာဖြစ်ရပ်ဆန်းများ ခေါင်းစဉ်တွင်ပါရှိသည့် အကြောင်းအရာများကို အပြန်အလှန် အကျဉ်းချုပ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ် (ပြန်/ဆက်)