ကော့သောင်း အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ရပ်ကွက် အလိုက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ကော့သောင်းမြို့၊ အောင်သုခ ရပ်ကွက်၊ အေးမြကန်သာရပ်ကွက် နှင့်ဆယ်မိုင်ကျေးရွာ ပြည်သူများအား အထက(၁)နှင့် သီရိမြိုင် အလယ်တန်း ကျောင်းခွဲ၊ ဆယ်မိုင် အထက်တန်းကျောင်းခွဲ အဆောက်အဦတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ အမှတ်(၁၃) ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့များ၊ အခြေချစစ်ဗျူဟာအဖွဲ့ (ကော့သောင်း)မှ ဆေးတပ်ဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့(၃)ဖွဲ့ခွဲကာ တစ်ပြိုင်နက် ပူးပေါင်း ထိုးနှံပေးခြင်း ဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက ပထမအကြိမ်အဖြစ် သံဃာတော်နှင့် သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း (၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေး (၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံ ပေးခဲ့ပြီး ယခုတရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့အထိ လူဦးရေ (၁၆၀၀၀) ကျော်ခန့်ကို ကာကွယ်ဆေး(၁)ကြိမ်စီ ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန် စာရင်းပေးထားသည့် မြို့နေပြည်သူ မည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံ ပေးသွား မည်ဖြစ်ပြီး ယနေ့ ဆေးထိုးနှံရန် စာရင်းပေး သွင်းထားသူဦးရေ အောင်သုခရပ်ကွက် တွင်(၄၀၀)ကျော်ခန့်၊ အေးမြကန်သာရပ်ကွက်တွင် (၃၀၀) ကျော်ခန့်နှင့် ဆယ်မိုင်ကျေးရွာတွင် (၅၀၀) ကျော်ခန့်ကို ထိုးနှံပေးကြခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)