ကျိုက်လတ် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်အား အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့် တာဝန်ရှိသူများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်-
မေး။ မင်္ဂလာပါရှင့်မကြာမီ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေမယ်လို့ကြားသိရပါတယ်ရှင့် အဆိုပါ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်ထားရှိမှုနှင့် ကာကွယ်ဆေးထိုးပေးရခြင်းရဲ့ ရည်ရွယ်ချက်ကို သိပါစေရှင့်-
ဖြေ။ ကျွန်တော်တို့ ကျိုက်လတ်မြို့နယ်အနေဖြင့် ၁၂နှစ်အထက် ကျောင်းသား/ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဆရာဝန် ကြီးတို့အဖွဲ့၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် အောင်မြင်အောင်ဆောင်ရွက် နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။
(၁၂)နှစ်အထက် ကာကွယ်ဆေးထိုးပေးရမည့် ရည်ရွယ်ချက်ကတော့ အခြေခံပညာအလယ်တန်း ကျောင်း အထက်တန်းဆင့် ကျောင်းသား/သူများ အနေဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းအားဖြင့် ရောဂါကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုတွေရဲ့ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိစေဖို့ ဖြစ်ပါတယ်၊ အများနည်းတူ ပညာသင်ကြားခွင့်တွေရရှိစေဖို့နောက် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာအုပ်စုအလိုက် ထိုးနှံခြင်းဖြင့် ကာကွယ်ဆေး ထိုးနှံပြီးသူအရေအတွက်တွေ လွှမ်းခြုံနိုင်ဖို့ ရည်ရွယ်ထားပါတယ်၊
မေး။ ကာကွယ်ဆေးထိုးစုရပ် သတ်မှတ်ထားတာနှင့်ပတ်သက်ပြီး ပြောကြားပေးပါဦးရှင့်-
ဖြေ။ ကျွန်တော်တို့ မြို့နယ်အနေဖြင့် ကျေးရွာအုပ်စု ၉၃ အုပ်စု ရှိတာစုရပ်(၄၁)ခုဆောင်ရွက် ထားပါတယ်၊ ကျောင်းသား/ ကျောင်းသူများ သွားရေးလာရေး အဆင်ပြေနိုင်မယ့် အနီးစပ်ဆုံးနေရာ (၄၁)နေရာစီစဉ်ထားရှိပါတယ်၊ ၄၁ကနေအကယ်၍ သီးခြားထိုးချင် တယ်ဆိုရင် ကျောင်းသား/ကျောင်းသူ (၁၀၀)ကျော် (၂၀၀)လောက်ရှိတယ်ဆိုရင်လည်း ကွင်းဆင်းထိုးနှံပေးနိုင်ရေး စီစဉ်ထားရှိပါတယ်။
မေး။ ကာကွယ်ဆေးထိုးဖို့ကျောင်းသား/သူစာရင်းပြုစုထားရှိမှုအခြေအနေကိုသိပါရစေရှင်-
ဖြေ။ ကာကွယ်ဆေးထိုးဖို့ ကျောင်းသား/ကျောင်းသူများစာရင်း ပြုစုထားရှိပါတယ်၊ မြို့နယ်မှာ အခြေခံပညာကျောင်း (၈၇)ကျောင်း နှင့်ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းရှိကျောင်း သားကျောင်း သူပေါင်း(၉၆၁၆)ယောက်ရှိပါတယ်။
မေး။ ကျောင်းသား/ ကျောင်းသူများ ကာကွယ်ဆေးထိုးဖို့ မိဘပြည်သူများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိချင်ပါတယ်ရှင့်-
ဖြေ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ အစည်းအဝေးခေါ်ယူ၍ အစိုးရကလုပ်ပေးမည့် အစီအစဉ်များကို ချပြရှင်းပြခဲ့ပါတယ်၊ နေရာအတော်များများက လက်ခံကြပါတယ်၊ ကာကွယ်ဆေးထိုးမှုနှင့် ပတ်သတ်လို့ ကျောင်းသား/ ကျောင်းသူအတော်များများ၊ ကျောင်းသားမိဘများက လက်ခံကြပါတယ်၊ ကန့်ကွက်မှု့တော့ မတွေ့ရပါဘူး။
မေး။ အသက်၁၂နှစ် ကျောင်းသား/ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုကို ပြောကြားပေးစေလိုပါတယ်ရှင့်-
ဖြေ။ အသက်၁၂နှစ် ကျောင်းသား/ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအနေ ရပ်ကွက်/ ကျေးရွာများအတွင်း ကျောင်းသား/သူ မိဘများ၊ ကျောင်းသားကျောင်းသူများ သိရှိနိုင်ရေးအသိပညာ ပေးနိုးဆော်တာတွေ၊ အသိပညာ ပေးပိုစတာချိတ်ဆွဲတာတွေ အသိပညာပေးလက်ကမ်းစာစောင် ဝေတာတွေဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ယခုထိုးပေးမယ့် ကာကွယ်ဆေးရဲ့ အမည်သိချင်ပါတယ်ရှင့်-
ဖြေ။ ထိုးပေးမယ့် ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် sinovac vaccine ကာကွယ်ဆေးဖြစ်ပါ တယ်၊ တိုင်းကျန်းမာရဲ့ အစည်းအဝေးတင်ပြချက်အရယခုကာကွယ်ဆေးက ၃နှစ်အထက် ထိုးလို့ ရတယ်လို့သိရပါတယ်။ မိဘများအနေနဲ့ ကျောင်းသား/ကျောင်းသူများ ကလေးငယ်များအပေါ် စိုးရိမ်စိတ်မဖြစ်ကြဖို့ အတက်နိုင်ဆုံး ဆွေးနွေးစည်းရုံးပြောကြားခဲ့ပါတယ်။
မေး။ ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးတွေကို သိချင်ပါတယ်ရှင့်
ဖြေ။ အဓိကတော့ ကျွန်တော်တို့နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်က လူငယ်ကျောင်းသားများက အရေးကြီးပါတယ်။ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ရောဂါကို ကျော်လွှားနိုင်ဖို့က ကာကွယ်ဆေးထိုးထားမှရပါမယ်၊ ခေတ်စနစ်နှင့်အညီ သင်ကြားနေရတဲ့ပညာတွေကို အလျင်မီ၊ အဆက်မပြတ်သင်ကြားနိုင်ဖို့ ကလေးတွေကို ကာကွယ်ဆေးထိုးပေးလိုက်ခြင်းဖြင့် တစ်ကမ္ဘာ လုံးဖြစ်နေတဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံး ကူးစက်မှုတွေကို လျော့ချလိုက်နိုင်မယ်၊ ပြီးရင် ကာကွယ်ဆေးထိုးပြီးလို့ ကူးဆက်မှုတွေမရှိတော့ရင် ပညာသင်ကြားမှုတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦးရှင့်-
ဖြေ။ ကျွန်တော်တို့ကာကွယ်ဆေးထိုးလုပ်ငန်းတွေက နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေကြတာပါပဲ လုပ်တဲ့အပေါ် မှာလည်း နေရာအနေအထားပေါ်မူတည်ပြီး အခက်အခဲတွေရှိနေမှာပါပဲ ကျွန်တော်တို့ ဝန်ထမ်းတွေအနေနဲ့ကတော့ နိုင်ငံတော်က ပေးအပ်လိုက်တဲ့ တာဝန်ကို ကိုယ့်ဒေသအတွင်း အကျိုးရှိရှိဖြစ်အောင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး ကာကွယ်ဆေးထိုးလုပ်ငန်း များကိုအထိရောက်ဆုံး အမြန်ဆန်ဆုံးနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်၊ ကိုဗစ်ကာကွယ်ဆေးများ အောက်တိုဘာလမှ တတိယအပတ်လောက်မှာ စတင်ထိုးနှံပေးမှာဖြစ်တဲ့အတွက် ကာကွယ်ဆေးများ ဒေသကိုအချိန်မီရောက်ရှိထိုးနှံပေးနိုင်ရေး ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ဌေးဌေးလှိုင်
ကျိုက်လတ်(ပြန်/ဆက်)