မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်း ကျဆင်းလာ

မြို့သစ် အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုသည် ယနေ့နံနက်ပိုင်းတွင် လျော့နည်းကျဆင်းလာကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။

ဆဒ္ဒန်ဆည် ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက် (သုည ဒသမ  လေးပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာမှ ယနေ့နံနက်ပိုင်းတွင် (သုညဒသမ နှစ်ပေခန့်) သာရှိသည့်အတွက် (သုညဒသမ နှစ်ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်း ကျဆင်းလာပြီး စွန်ဆည်ရေ လှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက (သုည ဒသမ သုံးပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာမှ ယနေ့နံနက်ပိုင်းတွင် (သုည ဒသမ တစ်ပေခန့်) သာရှိသည့်အတွက် (သုညဒသမ နှစ်ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းကျဆင်း လာကြောင်း သိရသည်။

ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်း ကျဆင်းသော်လည်း ဆည်အောက်ပိုင်းရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)