ကော့သောင်း ၊ အောက်တိုဘာ ၁၁
နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ်(၁၁)ဦး အပါအဝင်အမျိုးသား ၁၅၄ ဦး ၊ အမျိုးသမီး ၃၇ ဦး ၊စုစုပေါင်း အလုပ်သမား ၁၉၁ ဦး အောက်တိုဘာလ၁၁နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ပဲ့ချိတ် စက်လှေ(၁၂)စီးဖြင့် ရေလမ်းခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်း ပိတ်မိ နေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ပြန်လည် ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊NGO အဖွဲ့အစည်းများက COVID-19 ရောဂါ ကူးစက်မှုသံသယ ရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများပါဝင်လာခြင်းရှိမရှိ စစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများမှ ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်များတွင်နေထိုင်သူများကို မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ချက်ခြင်းပို့ဆောင်ပေးကာ မိမိတို့၏ နေရပ်များတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူကြရမည် ဖြစ်သည်။ ကော့သောင်းခရိုင်အတွင်းနေထိုင်သူများကိုမှု ကော့သောင်းမြို့ရှိ Community Based Facility Quarantine Center (၃)ခုတွင် အထူးကြပ်မတ်ကာ Facility Quarantine (၁၄)ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်ပြီး ကိုဗစ်၁၉ရောဂါပိုးစစ်ဆေး တွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းရေးသားပေးပို့သူ ကျော်စိုး(ကော့သောင်း)