ပန်ဆောင် အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ နောင်ယန်းကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယမန်နေ့ နံနက်ပိုင်းက ဦးစားပေး ကျေးရွာအုပ်စုအလိုက် (ဒုတိယအကြိမ်) ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံပေးနိုင်ရေးအတွက် နောင်ယန်းကျေးရွာ စာသင်ကျောင်းတွင် စုရပ်အဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး (ဒုတိယအကြိမ်) ကာကွယ်ဆေး ဆက်လက် ထိုးနှံမည့် အချိန်တွင် ဒေသခံပြည်သူများ မပျက်မကွက် လာရောက်ထိုးနှံပေးကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)