တနင်္သာရီမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး (ပထမ) အကြိမ် ထိုးနှံပေးရေး အသိပေး မြေစိုက်ပိုစတာများ စတင်စိုက်ထူပေး

တနင်္သာရီ အောက်တိုဘာလ ၁၁

နိုင်ငံတော်အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း (၆၄) ကျောင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံ ထားပြီးဖြစ်သော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၃၉၆၃) ဦးအား အောက်တိုဘာလ (၁၆) ရက်မှ စတင်၍ (ပထမ) အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆေးထိုးအုပ်စု (၅) ခုဖြင့် ထိုးနှံပေးမည်ဖြစ်ရာ ကျောင်းသူ/သားများနှင့် ကျောင်းသား မိဘများ/ အုပ်ထိန်းသူများ ကြိုတင်သိရှိပြီး ကလေးများနှင့်အတူ လာရောက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရန် အတွက် အသိပေး မြေစိုက်ပိုစတာများကို ဆေးထိုးစုရပ်ကျောင်း (၅) ကျောင်းနှင့် လူ စည်ကားရာ လမ်းဆုံများတွင် ယမန်နေ့က စတင်စိုက််ထူကြေညာပေးကြောင်း သိရှိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် ချောင်းကြီးရပ်ကွက် ကျန်းမာရေးလမ်းရှိ အထက-တနင်္သာရီ ကျောင်း အုတ်တံတိုင်းနံရံနေရာ၊ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီး၏ ဇဝဲရွာလမ်း ဆုံနေရာနှင့် မောတောင်မြို့ ပြည်ထောင်စု(၂)လမ်းရှိ နာရီစင်လမ်းဆုံနေရာများ၌ (၈ပေ-၄ပေ) အရွယ် မြေစိုက်ပိုစတာ (၂) ခုစီကိုလည်းကောင်း၊ အလားတူ ဆေးထိုးစုရပ် (၅)ကျောင်း ဖြစ်သော အထက-တနင်္သာရီ၊ အထက-တကူ၊ အထက-မော်တုန်း၊ အထက-ညောင်ပင်ကွင်းနှင့် အထက(ခွဲ) မောတောင်ကျောင်းများ အရှေ့တွင် မြေစိုက်ပိုစတာ(၂)ခုစီစိုက်ထူပေး၍ နံရံကပ် ပိုစတာ(၂)ခုစီတို့ ကို ကပ်ထားကြေညာပေးထားကြောင်း သိရှိရသည်။

ယင်းသို့ မြေစိုက်ပိုစတာများ စိုက်ထူပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ အထက-တနင်္သာရီ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ သတ်မှတ် နေရာတွင် စိုက်ထူကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း