လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

လိပ်သို  အောက်တိုဘာ  ၁၁

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌  ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ရှိလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုအား မြို့ပေါ်/ရပ်ကွက်များသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာလ  ၁၁ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့အတွင်းရှိ အမှတ်(၃)ရပ်ကွက် ၌ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင်  ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြတ်တောက်ပြီး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ မဖြစ်မနေ အပြင်ထွက်ပါက လူတိုင်းပါးစပ် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန် ၊ လက်ကို မကြာခဏဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေ၀င်လေထွက်ကောင်းအောင်ဖွင့်ထားရန် ၊ အပြင်မှပြန်လာတိုင်း  Mask များ ကို စနစ်တကျ စွန့်ပစ်ရန် ၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန် နှင့် အကယ်၍ မိမိတို့ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက  နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍  မပျက်မကွက် ဆေးကုသမှု ခံယူရန် ကိုဗစ်-၁၉ ရောဂါကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး  ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြပါရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  လမ်းညွှန်ချက်များကို Hand Speaker  ဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)