တနင်္သာရီမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုစာရင်း မှန်ကန်စေရေး Excel Data ဖြည့်သွင်းနည်းသင်တန်းဖွင့်လှစ်

တနင်္သာရီ အောက်တိုဘာလ ၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာလယ်တန်း နှင့်အထက်တန်းများ (၆၄) ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၃၉၆၃) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းဆောင်ရွက်မည့် စီမံချက်ပါအတိုင်း မှန်ကန် ပြည့်စုံစွာဖြင့် VIMS စနစ်သို့ ဖြည့်သွင်းခြင်းဆိုင်ရာ Excel Data ဖြည့်သွင်းနည်း သင်တန်းဖွင့်ပွဲကို ပြုလုပ်ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ပညာ ရေးမှူး ဦးခင်ဇော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမြတ်ဦးနှင့် မြို့နယ်ပညာရေးဌာနမှ ဆေးထိုးစာရင်းရေးသွင်းရန် တာဝန်ပေးထားသည့် ဆေးထိုးအုပ်စု(၅)ခုတို့မှ ဆရာ/မ(၁၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက မြို့နယ်အတွင်း အောက်တိုဘာလ (၁၆) ရက်နေ့မှစ၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျော်းအပ်နှံထားပြီးဖြစ်သည့် အသက်(၁၂)နှစ်မှ(၁၇)နှစ်အတွင်း ကျောင်းသား/သူပေါင်း (၃၉၆၃) ဦးတို့အား ကျောင်းအုပ်စု(၅)ခုဖြင့် တစ်ပြိုင်တည်းထိုးနှံပေးကြမည်ဖြစ်၍ စီမံချက်ပါ အတိုင်း Excel Data ဖြည့်သွင်းခြင်း မှန်ကန်စေရေး ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်ဇော်က သတ်မှတ်ထားသည့် စာရင်းရေးသွင်းမှု မှန်ကန်စေရေး အမှာ စကား ပြောကြားပေးသည်။

ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံမှု အချက်အလက်များကို VIMS စနစ်သို့ ဖြည့်သွင်းခြင်းဆိုင်ရာများ၊ Excel Data စာရင်းပြုစုဖြည့်သွင်းနည်းများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးပြီး သိရှိလိုသည်များ ပြန်လည်ဖြေကြားကာ မြေပြင်၌ စာရင်းဖြည့်သွင်းရာတွင် အခက်အခဲမရှိဘဲ မှန်ကန်စေရန်အတွက် စာရင်းဖြည့်သွင်းပြုစုနည်းများ လက်တွေ့ဆောင်ရွက်ကြကြောင်း သိရှိ သည်။

ထို့အပြင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (အခမဲ့)ဖြန့်ဝေပေးသည့် အခြေခံပညာကျောင်းများ ဆေးထိုးအုပ်စု(၅)စုအတွင်း ကျောင်းသား/ သူများ ကာကွယ်ဆေးထိုးနှံရေး ကပ်ထားကြေညာပေးနိုင်ရန် (၂ပေ-၃ပေ) အသိပညာပေး  ဗွီနိုင်း ပိုစတာ(၂)ချပ်စီကိုလည်း တပါတည်းထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း