မင်းဘူး အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ အခြေခံပညာအခြေခံပညာ အလယ်တန်း၊ အထက်တန်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား Phase-3 ပထမအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်(၅)မြို့နယ်မှ ပညာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းဘူးခရိုင် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဆေးထိုးမှတ်တမ်းစားရင်း ရေးသွင်းမည့် တာဝန်ကျ ဆရာ/ဆရာမများအနေဖြင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်း ဆောင်ရွက်သွားရန်နှင့် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်မှုနှင့် ပတ်သက်သည်များကို အသေးစိတ် ရှင်းပြောကြားပြီးနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွန်ပျူတာ စာရင်းမှတ်တမ်း ရေးသွင်းနည်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မင်းဘူးခရိုင် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ကိုဗစ် ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးနိုင်းရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်းရေး စာရင်းကောက်ယူရန်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက် ဆောင်ရွက်သွားရန် မှာကြား ခဲ့သည်။
မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၃၈၀)ကျောင်း၊ ဘကကျောင်း(၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၈)ကျောင်း၊ စုစုပေါင်း(၃၉၄)ကျောင်းမှ အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသားဦးရေပေါင်း (၂၄၉၆၀)ကျော်အား (၅၃)နေရာခွဲ၍ ကိုဗစ်ကာကွယ်ဆေးများကို Phase-3 ပထမအကြိမ်အဖြစ် အောက်တိုဘာ ၁၄ ရက်နေ့မှ စတင်ကာ ထိုးနှံပေးသွာမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)