မောတောင်မြို့၌ အသက်(၁၈)နှစ်အထက် ဒေသခံ(၄၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တနင်္သာရီ အောက်တိုဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့ ရပ်ကွက်နှင့်ကျေးရွာများအတွင်းမှ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ်ထိုးနှံခြင်းကို မောတောင်တိုက်နယ် ဆေးရုံတာဝန်ခံဒေါက်တာသီဟအောင် ကြီးကြပ်သော ကျန်းမာရေးဌာန ဆရာမ (၅)ဦးတို့က မောတောင်မြို့ အထက(ခွဲ)ကျောင်းအတွင်း ယမန်နေ့က ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော် (၃)ပါး၊ စေတနာ့တန်ထမ်း (၁)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း (၂)ဦး၊ ပုဂ္ဂလိကအလုပ်ရုံဝန်ထမ်း (၂)ဦး၊ အခြားဝင်ငွေရှိလုပ်ငန်းလုပ်ကိုင်သူ (၂၁၂)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ ဈေးဆိုင်/စားသောက်ဆိုင်/လ္ဘက်ရည်ဆိုင်များမှ(၄၁)ဦး၊ မှီခိုသူ(၁၃၀)ဦး၊ မသန်စွမ်းသူ(၁)ဦး၊ ပေါင်း(၃၉၂)ဦးအား (ပထမ)အကြိမ်အဖြစ်လည်းကောင်း၊ အလားတူ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၂ရက်မှ၆ရက်)အတွင်း (ပထမ)အကြိမ် ထိုးနှံထားသူ(၈)ဦးကို လည်းကောင်း စုစုပေါင်း(၄၀၀)ဦးအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မောတောင်နယ်စပ်ရဲစခန်းမှူး ဒုရဲအုပ် စောမောင်ကြီးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် မောတောင်မြို့ ပြည်သူ့စစ်အဖွဲ့တာဝန်ခံ ဦးညွန့်စိုးနှင့်အဖွဲ့ဝင်များက ပူးပေါင်းကူညီမှုဖြင့် အောင်မြင်စွာ ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း