မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး သဖန်းဆိပ် ကျေးရွာရှိ ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

မကွေး      အောက်တိုဘာ   ၁၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့ မွန်းလွဲ(၁) နာရီအချိန်က မကွေးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများက သဖန်းဆိပ်ကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသ ကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်း၍ နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်သူ များ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိပါကြောင်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးသည် မကွေးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီမှူးရုံးမှ ဝန်ထမ်းများက သဖန်းဆိပ်ကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက် ပေးနေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက ပေးအပ်လှူဒါန်းသော အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥများအား ကျေးရွာနေပြည်သူ များ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးအနေဖြင့် ကျန်ရှိ နေသည့် ရပ်ကွက်/ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေးခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

ကိုစည်သူ(မကွေး)