တောင်ငူ၌ တောင်သူများအတွက် အထွက်ကောင်းဆီနေကြာ ဆင်းရွှေကြာ (၂) မျိုးစေ့အိတ်များ ထောက်ပံ့ပေးအပ်

တောင်ငူ အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ   စားသုံးဆီဖူလုံရေးအတွက် နေကြာသီးညှပ်စိုက်ပျိုးမည့် တောင်သူများအတွက် ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ပေးအပ်သည်။

ထိုသို့ ထောက်ပံပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညီညီလွင်စိုး ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်မင်းလှိုင်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်ညွန့်တို့က  တောင်ငူမြို့နယ်အတွင်း မတ်ပဲစိုက်ခင်းများ အကြား သီးညှပ်စိုက်ပျိုးမည့် ကျေးရွာအုပ်စု ၁၃ အုပ်စုမှ ကျေးရွာ ၁၈ ရွာအတွက် မျိုးစေ့အိတ် တစ်အိတ်လျှင် ၂ ဧကနှုန်း စိုက်ပျိုးနိုင်မည့် အထွက်ကောင်းဆီနေကြာ ဆင်းရွှေကြာ (၂) မျိုးစေ့ ဧက (၆၀၀) အတွက် နေကြာမျိုးစေ့အိတ် ( ၃၀၀)ကို စိုက်ပျိုးမည့် တောင်သူ (၁၈၂) ဦးထံ ထောက်ပံ့ပေးအပ်သည်။

တောင်ငူမြို့တွင် ဆီထွက်သီးနှံများကို မိုးရာသီနှင့် ဆောင်းရာသီကာလများတွင် မြေပဲကို (၄၁၅၄)ဧကနှင့် နှမ်း (၅၃၈၃)ဧက ကို စိုက်ပျိုးထားလျက်ရှိရာ ယခုနှစ်တွင် မတ်ပဲစိုက်ခင်းများ အကြား နေကြာသီးနှံ စိုက်ဧက (၆၀၀)ကို စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လာမည့် ဆီထွက်သီးနှံစိုက်ပျိုးရာသီတွင် ပိုမိုတိုးချဲ့ စိုက်ပျိုးသွားနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)