ကန်ကြီးထောင့် အောက်တိုဘာ ၁၀
မေး။ မင်္ဂလာပါဆရာမကြီးခင်ဗျာ။ ဆရာမကြီးရဲ့နာမည်နဲ့ရာထူးတာဝန်လေးကို မိတ်ဆက်ပေးပါအုံးခင်ဗျာ။
ဖြေ။ မင်္ဂလာပါရှင့်။ ကျွန်မနာမည်ကတော့ ဒေါ်တင်မေသန်း ဖြစ်ပါတယ်။ အခြေခံပညာဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ် ပညာရေးမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင် နေပါတယ်။
မေး။ နိုင်ငံတော်အစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ အသက်၁၂နှစ်အထက်ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်လို့ဆရာမကြီးတို့ ကန်ကြီးထောင့်မြို့နယ် အနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက်ထားပါသလဲခင်ဗျ။
ဖြေ။ ကျွန်မတို့ကန်ကြီးထောင့်မြို့နယ်မှာ အခြေခံပညာအထက်တန်းကျောင်း ၁၃ကျောင်းနဲ့ အထက်တန်းကျောင်းခွဲ၁၃ကျောင်း၊ အ.လ.ကကျောင်း၁၇ကျောင်း၊ အ.လ.က(ခွဲ)၁၁ ကျောင်းနဲ့ မူလွန်၁၉ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၁ကျောင်း၊ နောင်ရိုးကိုယ်ပိုင်အထက် တန်းကျောင်း ၁ကျောင်းအပါအဝင် စုစုပေါင်း၇၅ကျောင်းမှာရှိတဲ့ ကျောင်းအုပ်ကြီးများကို ၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူစာရင်းကိုရရှိဖို့အတွက် မွေးသက္ကရာဇ် တိုက်ဆိုင် စစ်ဆေးမှုများကို ပြုလုပ်စေပြီး ရရှိလာတဲ့ စာရင်းတွေကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ စီမံချက်များရေးဆွဲခဲ့ပါတယ်၊ စာရင်းပြုစုတဲ့နေရာမှာလည်း ဆေးထိုးစုရပ်၈ခုသတ်မှတ်ထားတာကြောင့် စုရပ်၁ခုကို စာရင်းပြုစုသူ၃ဦးနဲ့ ကွန်ပျူတာသမားများကို ရွေးချယ်ပြီး ဧရာသီရိသုခခန်းမမှာ စာရင်းရေးသွင်းခြင်း လုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ပါတယ်။
မေး။ အသက်၁၂နှစ်အထက်ကျောင်းသား၊ ကျောင်းသူတွေကိုကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံ နိုင်စေဖို့ဆရာမကြီးတို့အနေနဲ့ ဘယ်လိုအသိပညာပေး ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါသလဲ။
ဖြေ။ ကျွန်မတို့အနေနဲ့သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေကို ဖိတ်ကြားပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် အကြောင်းကိုယခုလ၅ရက်နေ့မှာသရုပ်ပြပွဲကို ကန်ကြီးထောင့် အ.ထ.ကမှာ ပြုလုပ်ခဲ့ပါတယ်၊ ၆ရက်နေ့မှာတော့ ကျွန်မတို့ရုံးမှာ၇၅ကျောင်းမှ ကျောင်းအုပ်တွေကို အသိပညာပေးဟောပြောပွဲများပြုလုပ်ပေးပြီး မိမိတို့သက်ဆိုင်ရာ ကျောင်းတွေကိုပြန်ရောက်တဲ့အခါမှာ ကျောင်းအုပ်ကြီးနဲ့ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းတွေ၊ ကျောင်းကော်မတီတွေနဲ့သက်ဆိုင်ရာ ကျောင်းသားမိဘတွေ ဖိတ်ကြားပြီး ရှင်းလင်းပြောကြားစေပြီး ဆေးထိုးဖို့သဘောတူညီကြောင်း လက်မှတ်ရေး ထိုးထားစေပါတယ်ရှင်။
မေး။ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေ အခက်အခဲမရှိပညာသင်ကြားနိုင်စေဖို့ ဆရာမကြီးတို့အနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက်မှုတွေ ပြုလုပ်ထားပါသလဲ။
ဖြေ။ ကျွန်မတို့အနေနဲ့ကျောင်းတွေပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ကလေးတွေအနေနဲ့ အဆင့်သင့်ကျောင်းတက် ပညာသင်ယူနိုင်စေဖို့ကျောင်းဝန်း၊ ကျောင်းပြင် သန့်ရှင်းရေးများ ကိုလည်း ပြုလုပ်ထားရှိပါတယ်၊ စာသင်ခန်းတွေအတွင်းမှာလည်း ထိုင်ခုံများအဆင်သင့်ပြင်ဆင် ထားရှိပါတယ်၊ ကျောင်းစာကြည့်တိုက်နဲ့ ကွန်ပျူတာခန်းတွေနဲ့သိပ္ပံခန်းတွေကိုလည်း သန့်ရှင်းရေးများပြုလုပ်ထားပြီးဖြစ်ပါတယ်၊ ကျောင်းတက်တဲ့အခါ လူစု၊လူဝေးမဖြစ်ပေါ်စေဖို့နဲ့ စနစ်တကျ လက်ဆေးကြောနိုင်ဖို့ လက်ဆေးကန်များနဲ့လက်သန့်ဆေးရည်များကို စီစဉ်ထားပြီး ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နဲ့ အားကစားပြုလုပ်နိုင်ဖို့ အားကစားခန်းမတွေ ကိုလည်း အဆင်သင့်ပြုလုပ်ထားပြီးဖြစ်ပါတယ်။
မေး။ ကျောင်းတွေပြန်လည်ဖွင့်လှစ်တဲ့အခါ သင်ကြားရေးပိုင်းမှာ အထောက်အကူပြုစေဖို့ ဆရာမကြီးတို့ ပညာရေးဝန်ထမ်းအားလုံး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးပြီလားခင်ဗျာ၊ ဆေးထို့ဖို့ဘယ်သူတွေ ကျန်သေးလဲ။
ဖြေ။ ကျွန်မတို့ပညာရေးဝန်ထမ်းတွေအနေနဲ့ဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေ နို့တိုက်မိခင်တွေက လွဲရင် တော်တော်များများက ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပြီးပါပြီရှင်။
မေး။ အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးနိုင်ဖို့အတွက် ပညာရေးဌာနနှင့်အတူ တစ်ခြားဌာနဆိုင်ရာတွေကရော ဘယ်လိုပူးပေါင်း ဆောင်ရွက်မှုတွေပြုလုပ်ပါသလဲ ခင်ဗျာ။
ဖြေ။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရယ်၊ ကျွန်မတို့ဌာနရယ်၊ ကျန်းမာရေးဌာနရယ်နည်းတူ ကျောင်းအကျိုးတော်ဆောင်နဲ့ မိဘဆရာအသင်းတွေရယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း အားတက်သရော ပူးပေါင်းဆောင်ရွက်နေပါတယ်။
မေး။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ အသက်၁၂နှစ်အထက်ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ ဝမ်းသာပီတိ စကားလေး ပြောကြားပေးပါအုံးခင်ဗျာ။
ဖြေ။ နိုင်ငံတော်အစိုးရကနေ အခုလိုအသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးတာကြောင့် ဂေါရာအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်မှာဖြစ်တာကြောင့် ကျွန်မအနေနဲ့အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။
လှမင်းထွဋ် (ပြန်/ဆက်)