မြိတ်ခရိုင်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးမည့် ကာကွယ်ဆေး(၅၀၄၀၀)ရောက်ရှိ

 

မြိတ်    အောက်တိုဘာ    ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအစီအစဉ် အလိုက် ထိုးနှံပေးလျက်ရှိရာ  ယနေ့ နံနက်ပိုင်းတွင်  မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့်  မြိတ်ခရိုင်ရှိ လူဦးရေ (၅၀၄၀၀)ဦးအတွက် ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာခဲ့သည်။

ကိုဗစ်ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ်ထိုးပြီးသူများအား ဦးစားပေးအစီအစဉ်အလိုက် ဒုတိယအကြိမ် ဆေးထိုးရမည့်သူများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက သတ်မှတ်ရက်အလိုက် လိုက်လံအသိပေး အကြောင်းကြား ပေးသွားမည်ဖြစ်ပြီး အဆိုပါဆေးများကို အောက်တိုဘာလ(၁၂)ရက်တွင် စတင်ထိုး နှံပေးသွားမည် ဖြစ်ကြောင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေးများကို တာဝန်ရှိသူများက မြိတ်လေဆိပ်တွင် လွဲပြောင်းပေး အပ်ခဲ့ရာ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရင်ရင်နွဲ့ က လက်ခံရယူခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဆက်လက်ဖြန့်ဖြူး ပေးအပ်ခဲ့သည်။  ကိုဗစ်ကာကွယ်ဆေးများတွင် မြိတ်မြို့နယ်မှ(၂၀၉၄၅)ဦး၊ ကျွန်းစုမြို့နယ်မှ (၁၁၈၀၀)ဦး၊ ပုလောမြို့နယ်မှ(၁၀၃၉၀)ဦး၊ တနင်္သာရီမြို့နယ်မှ(၇၂၆၅)ဦးတို့အား ဒုတိယအသုတ် ဒုတိယအကြိမ်အဖြစ်  ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင်တွင် ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ပထမအသုတ် ပထမအကြိမ်တွင် လူဦးရေ (၂၃၉၆၂) ဦးနှင့် ဒုတိယအကြိမ်တွင် လူဦးရေ စုစုပေါင်း(၂၂၁၄၅)ဦးကို ထိုးနှံပြီးစီးခဲ့ပြီး ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ယမန်နေ့အထိ(၆၀၀၁၈)ဦးကို ထိုးနှံပေးပြီးဖြစ်ကာ ယခုရောက်ရှိလာသည့် (၅၀၄၀၀)ဦးအတွက်ကိုလည်း ဒုတိယအကြိမ် ကာကွယ်ဆေးအဖြစ် ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ခိုင်ထူး  (မြိတ်)