ပခုက္ကူ အောက်တိုဘာ ၁၀
ပခုက္ကူမြို့နယ်တွင် မိုးဦးကာလ(ကဆုန်၊နယုန်)ကစိုက်ပျိုးခဲ့သော ပင်ထောင်မြေပဲခေါ် မိုးဦး သုံးလပဲများရိတ်သိမ်းလျက်ရှိရာ ယမန်နှစ်ကထက် ထွက်နှုန်းကောင်းကြောင်း သိရသည်။
မျိုးမြေပဲဆံတစ်တင်းစိုက်ကွက်ကို ရိတ်သိမ်းတူးဖော်ရာတွင်မြေပဲတောင့် ၄၅တင်းအထိ အများဆုံးထွက်ရှိပြီး၊ ပျမ်းမျှ၃၅တင်းခန့်ထွက်ရှိကြောင်းသိရသည်။ ရိတ်သိမ်းရာတွင် ယာကွက် ထဲအထိ ပဲဆွတ်လိုက်ရပါကတစ်တင်းလျှင် ကျပ်နှစ်ထောင်နှင့်ရွာထဲတွင်သာ ဆွတ်ရ ပါကတစ်တင်းလျှင်၁၆၀၀ကျပ်ပဲဆွတ်လုပ်အားခ ပေးရကြောင်း၊ လက်ရှိမြေပဲတောင့် တစ်ပိဿာရောင်းချပါက အစို၊ အခြောက်ပေါ်မူတည်ပြီး၁၃၀၀ကျပ်မှ၁၇၀၀ကျပ်အထိ ရောင်းရကြောင်းမြောက်လူးကန်ကျေးရွာမှတောင်သူဦးညွန့်လွင်၏ ပြောပြချက်အရသိရသည်။ ကျွန်တော်ပြောချင်တာက မြေပဲစိုက်တဲ့ အကြောင်းပါ။
အညာဒေသ ပခုက္ကူနားတစ်ဝိုက်မှာစိုက်ကြတာကတော့ မြေပဲ နှစ်မျိုးရှိပါတယ်။မြေပဲလေး (သို့) သုံးလပဲ(သို့) ပင်ထောင်မြေပဲနဲ့ မြေပဲကြီး(သို့)၆ လ ပဲ(သို့)ပင်ပြန့်ပဲ ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ သုံးလပဲ ခေါ်ပင်ထောင်မြေပဲကို ကဆုန် ၊နယုန်မိုးဦးကျမှာစိုက်ရင် မိုးဦးပဲလေးလို့ ခေါ်ကြပါတယ်။ဝါဆိုလမှ စိုက်ရင် ဝါဆိုပဲ သို့မဟုတ် စကပဲ ( မိုးဦးလဲမဟုတ် ဆောင်းပဲမဟုတ် စကောစကအချိန်စိုက်လို့)လို့ ခေါ်ကြပါတယ်။စိုက်ပြီး ၁၅ ရက်လောက်ရှိရင် ကြားဦးပေါက် ထွန်ဝင်ရပါတယ်။ မြေပဲနဲ့အတူပေါက်လာတဲ့ ပေါင်းမြက်ပင်တွေနိုင်အောင် ကြားထွန်ဝင်ပေးရ တာပါ။ရက်၂၀ လောက်ဆို ကြားသံကွင်းနဲ့ ပေါင်းမြက်တခါထပ်ပြီးသတ်ရပါတယ်။၂၅ ရက်သား တစ်လသားမှာ ပန်းစပြပါပြီ ။အပွင့်ဝါဝါသေးသေးတွေ ဝင်းလို့။အဲအချိန်မှာ ကြားထွန်မဝင်ရပါ ဘူး။နွားခွာနဲ့တိုက် ထွန်တုံးနဲ့ပွတ်မိရင် အပွင့်လေးတွေ သန္ဓေမအောင်ဘဲ ကြွေတတ်ပါ တယ်။အပွင့်သေးသေးလေးတွေက ဝတ်မှုန်ကူး သန္ဓေမအောင်ရင် အညှာသေးသေးလေးတွေက နေ အပင်ခြေ အောက်ကိုဆင်းပြီး စွယ်(ဇွယ်)ချပါတယ်။အဲသည်အချိန် ထွန်သွားအကြီးကြီးနဲ့ ကြားထွန်ဝင်ရင် စွယ်တွေ ကန်းသွားပြီး မြေပဲတွေ ဥ မဖြစ်တော့ပါဘူး။မြေပဲကြီး ပင်ပြန့်ပဲ ကတော့ မိုးဦးကစိုက်လည်းဝါခေါင်တော်သလင်း မိုးရွာမှ ပွင့်ပါတယ်။ မြေပြင်အနံကြား အလပ်မရှိ လက်သားတွေနဲ့ ပြည့်လို့အပင်ခြေတင်မက လက်သားတွေ လိုက်ပြန့်ပြီးစွယ်တွေချ ဥ တွေဥလို့ ပင်ပြန့်ပဲလို့ ခေါ်ကြတာပါ။သုံးလပဲ ပင်ထောင်မြေပဲကို တော်သလင်း သီတင်း ကျွတ်မှာ ဖော်ကြရပြီးပင်ပြန့်ပဲ ၊မြေပဲကြီးကို တန်ဆောင်မုန်း၊ နတ်တော်လ မှဖော်ကြရပါ တယ်ဟုမြေပဲအကြောင်း တောင်သူဦးညွန့်လွင်ကရှင်းပြသည်။ ပခုက္ကူမြို့နယ်တွင် ယမန် နှစ်ကရာသီဥတုမမှန်သဖြင့် မြေပဲစိုက်ခင်းများမျိုးပင်ပြန်မရသော်လည်း ယခုနှစ်တွင် ထွက်နှုန်း ကောင်းမွန်ပြီးရောင်းချရသည့် ဈေးနှုန်းလည်း သင့်ကြောင်း သိရသည်။
အောင်ဇော်(ပြန်ဆက်)