ပွင့်ဖြူ အောက်တိုဘာ ၁၀
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ပြည်တွင်း စားသုံးဆီပြတ်လပ်မှုမရှိစေရန်၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရန်နှင့် ဒေသခံပြည်သူလူထု ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးခွင့်ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာသို့ လာရောက်ပြီး ဒေသခံကျေးလက်နေ ပြည်သူများကို စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်အဖွဲ့က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုနဲ့ ဒေသခံပြည်သူလူထု ဈေးနှုန်းချိုသာစွာနဲ့ စားသုံးဆီဝယ်ယူသုံးစွဲနိုင်ရန်နှင့် ပြည်တွင်းစားသုံးဆီ ပြတ်လပ်မှု မရှိစေရေးအတွက် ရည်ရွယ်ပြီးတော့ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှာ ဖြန့်ဖြူးရောင်းချပေးနေတာ ဖြစ်ပါတယ်။ အဓိကတော့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှန်ကန်စေဖို့အတွက် စီစဉ်ရောင်းချ ပေးခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလို ရောင်းချပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းကနေပြီး စားအုန်းဆီများကို ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ မင်းဘူးခရိုင်အတွင်း ရောင်းချဖို့အတွက်ရရှိတဲ့ စားအုန်းဆီက ဒီနေ့ဆိုရင် အားလုံးရောင်းချ ပြီးစီးပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ခုလို ကျေးရွာတွေအရောက် ကွင်းဆင်းရောင်းချ ပေးတဲ့အခါမှာ ဝယ်ယူကြသူတွေများတဲ့အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် စားအုန်းဆီများ ထပ်မံပေးပို့မယ်ဆိုရင် ကျေးလက်နေ ပြည်သူတွေကို ကျွန်တော်အဖွဲ့က ဆက်လက် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ယခု ရောင်းချပေးနေတဲ့ စားသုံးဆီတွေဟာဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ အသိအမှတ်ပြု ထောက်ခံချက် ရရှိပြီးဖြစ်လို့ စားသုံးသူ ပြည်သူလူထုအတွက် အစားအစာဘေးကင်းလုံခြုံမှု ရှိပါတယ်။ ရောင်းချပေးတဲ့ဈေးနှုန်းကတော့ တစ်ပိဿာကို ငွေကျပ် ၃၉၀၀ နှုန်းနဲ့ ရောင်းချပေးတာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ဖြစ်သူ ဆင်ဖြူကျွန်းမြို့၊ ရွှေယာမြေ ဆီစက်လုပ်ငန်းရှင် ဦးရွှေဝင်းထွန်း က ပြောကြားသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် ပွင့်ဖြူမြို့နယ်သို့ လာရောက်ပြီး စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် စီစဉ်ရောင်းချပေးသည့်အတွက် ဒေသခံ ကျေးလက်နေ ပြည်သူများက စားသုံးဆီဖူလုံစွာ ဝယ်ယူသုံးစွဲခွင့်ရရှိ၍ ဝမ်းသာပျော်ရွှင်လျက် ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာရှိ ဒေသခံ ပြည်သူများထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)