မြို့သစ် အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုသည် ယနေ့နံနက်ပိုင်းတွင် လျော့နည်းကျဆင်းလာကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက် (၁ ဒသမ ၂ပေ ခန့်) ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာမှ ယနေ့နံနက်ပိုင်းတွင် (သုည ဒသမ လေးပေခန့်) သာရှိသည့် အတွက် (သုည ဒသမ ရှစ်ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းကျဆင်းပြီး စွန်ဆည်ရေလှောင် တမံသည် ယမန်နေ့ နံနက်ပိုင်းက (သုည ဒသမ လေးပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာမှ ယနေ့ နံနက်ပိုင်းတွင် (သုည ဒသမ သုံးပေခန့်) သာရှိသည့်အတွက် (သုည ဒသမ တစ်ပေခန့်) ရေပိုလွှဲမှရေကျော်ကျမှု လျော့နည်းကျဆင်းလာကြောင်း သိရသည်။
ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံ၏ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းကျဆင်းသော် လည်း ဆည်အောက်ပိုင်းရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)