ကော့သောင်း အောက်တိုဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အားရပ်ကွက်အလိုက်ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ယနေ့ နံနက်(၉)နာရီက ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ပြည်သူများအား ရွှေပြည်သာ၊ မူလတန်းလွန်ကျောင်းအဆောက်အဦ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တပ်မတော်ဆေးတပ်ဖွဲ့များ၊ ကော့သောင်းမြို့၊ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက ပထမအကြိမ် အဖြစ် သံဃာတော် နှင့်သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ယခု တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Sinopharm ဖြင့် အောက်တိုဘာလ ၁၀ရက်နေ့အထိ လူဦးရေ(၁၃၃၁၅)ဦး အား ကာကွယ်ဆေး(၁)ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့်မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုး အဖွဲ့များဖြင့် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ယနေ့ ရွှေပြည်သာရပ်ကွက် အတွင်း ဆေးထိုးနှံရန် စာရင်းပေးသွင်းထားသူ(၁၀၀၀၀)ကျော်ခန့်ကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)