ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း/အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ ကော့သောင်းမြို့နယ် ပညာရေးမှူးနှင့် ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီးတို့အား တွေ့ဆုံ မေးမြန်းချက်များ

ကော့သောင်း၊ အောက်တိုဘာ ၁၀

ကော့သောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်သန်းစိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ဒေါ်မေဇင်ဦး။    ဆရာမကြီးရှင့်၊ အခုမကြာမီကာလအတွင်းမှာ ကော့သောင်းမြို့၊ အခြေခံပညာ   ကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးတော့မယ်လို့ သိရပါတယ် အဲ့ဒီတော့ ဘယ်လိုအစီအစဉ်နဲ့ ဘယ်လို အသက်အရွယ်ကို ထိုးပေးမယ်ဆိုတာသိပါရစေရှင့်၊

ဒေါ်သန်းစိုး။    ။ဆေးထိုးပေးမယ့် ကျောင်းသား၊ ကျောင်းသူတွေကတော့ မြို့နယ်အတွင်း အလယ်တန်းနှင့် အထက်တန်းကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ ပုဂ္ဂလိကကိုယ်ပိုင်းကျောင်းတွေမှာ ကျောင်းအပ်နှံထားတဲ့ အသက်(၁၂)နှစ်ပြည့်ပြီး အသက် (၁၈)နှစ်ထက် မကျော်သူတွေကို ထိုးပေးမှာဖြစ်ပါတယ်

ဒေါ်မေဇင်ဦး။  ။ ဘယ်နေ့လောက် စထိုးပေးမယ်ဆိုတာရယ်၊ ထိုးပေးမယ့် ဆေးအမျိုးအစား သိပါရစေရှင့်

ဒေါ်သန်းစိုး။    အခုလာမယ့် အောက်တိုဘာ ၁၂ရက်နေ့လောက်မှာထိုးပေးဖို့စီစဉ်ထားပါတယ်။ ထိုးပေးမှာ ကတော့ တရုပ်နိုင်ငံကထုတ်လုပ်တဲ့ Sinovac ဆေးအမျိုးအစားဖြစ်ပါတယ်၊

ဒေါ်မေဇင်ဦး။  ။ဘယ်လိုမျိုး ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးမပေးဖို့ဆိုတာ လေးလည်း သိပရစေရှင့်။

ဒေါ်သန်းစိုး။   ။အဲ့ဒီကာကွယ်ဆေးကိုတော့ အသက်(၁၂)နှစ်မပြည့်သေးတဲ့သူတွေနဲ့ အသက် ၁၈ နှစ်ကျော်သွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆေးနဲ့ဓာတ်မတည့်သူတွေ၊ သွေးဥမွှာ လျော့နည်းသူတွေ၊ သွေးမတိတ်ရောဂါရှိသူတွေ၊ ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းနေသူတွေ၊ ဆီးချိုရောဂါ၊ အတက်ရောဂါ၊ ဦးနှောဏ်နဲ့အာရုဏ်ကြော ရောဂါရှိသူတွေကို မထိုးပေးပါဘူး၊ ဒါ့အပြင်ဆေးထိုးမယ့်နေ့မှာ ဖျားနေတဲ့သူကိုလည်း ယာယီအားဖြင့်ဆေးထိုးပေးမှာမဟုတ်ပါဘူး၊

ဒေါ်မေဇင်ဦး။  ကော့သောင်းမြို့အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးပေးမယ် စုရပ်ဘယ်နှစ်ခုလောက် ရှိပါသလဲရှင့်

ဒေါ်သန်းစိုး။   ။ဟုတ်ကဲ့ပါ ကော့သောင်းမြို့နယ်မှာ အထက()၊ အထက()၊ အထက()၊ အထကဆယ်မိုင်ရွာ၊ အထက-မလိဝမ်းရွာ၊ အလကခွဲ-ချန်းဖန်းရွာ၊ အလကခွဲ-အော်ကြီး၊ အထက အောင်ဘာရွာ၊ အထကခမောက်ကြီးမြို့၊ အထက-အေးချမ်းသာရွာ၊ အလကခွဲ-မာရမ်းရွာ၊ အထက-ဇာဒက်ကြီးကျွန်း ဆိုပီး ဆေးထိုးစုရပ် က(၁၂)ခုသတ်မှတ်ထားပါတယ်၊

ဒေါ်မေဇင်ဦး။  ။ဟုတ်ကဲ့ အခုလိုဆေးထိုးမယ် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဆေးလာထိုးမယ်နေ့မှာ ဘာတွေများ ကြိုတင်ဆောင်ရွက်လာရမလဲ၊ ဘာတွေများ ယူဆောင်လာရမလဲရှင့်

ဒေါ်သန်းစိုး။    ။ဆေးမထိုးခင်ကတည်းက မြို့နယ်အတွင်းမှာရှိတဲ့ကျောင်းတွေက ဆေးထိုးခံမယ့် ကျောင်းသားမိဘတွေဆီကို ဆေးထိုးတာနဲ့ပတ်သက်ပြီး ဆိုးကျိုးကောင်းကျိုးတွေကို ကြိုတင်အသိပေးထားချက်တွေ၊ ဆေးထိုးဖို့သဘောတူညီချက်တွေပါတဲ့ စာမျက်နှာသုံး မျက်နှာရှိတဲ့စာတွေ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ်ကြီးတွေကတဆင့် ဖြန့်ဝေပေးထား ပြီးပါပြီ အဲ့ဒီစာ ကိုမိဘတွေအနေနဲ့ ဖတ်ရှုလေ့လာပီး မိမိသားသမီးကို ဆေးထိုးဖို့ သဘောတူရင် သဘောတူခွင့်ပြုတဲ့ လက်မှတ်ရေးထိုးပြီး ဆေးထိုးမယ့်နေ့မှာ တပါတည်း ယူဆောင်လာရပါ့မယ်၊ နောက်ကျောင်းသားတစ်ဦးကို မိဘအုပ်ထိန်းသူတစ်ဦးပါ လိုက်ပါလာရပါ့မယ်၊ မှတ်မုံတင်ပြုလုပ်ထားပြီးတဲ့ ကျောင်းသားဆိုရင် မှတ်ပုံတင်ပါ ယူလာရပါ့မယ်၊ ဒါ့အပြင်မွေးသက္ကရာဇ်အမှန် ဖေါ်ပြနိုင်ဖို့အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီး က ထောက်ခံဆောင်ရွက်ချက်ပါယူဆောင်လာရပါမယ်။

ဒေါ်မေဇင်ဦး။  ။ ဟုတ်ကဲ့ပါ၊ နောက်ဆုံးအနေနဲ့ ဆရာမကြီးအနေနဲ့ အခုကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်ပီး ဘာများထပ်ပြီး တိုက်တွန်းပြောကြားချင်သေးပါလဲရှင့်၊

ဒေါ်သန်းစိုး။    ဟုတ်ကဲ့ပါ၊ ကျောင်းသားမိဘတွေအနေနဲ့ မိမိကလေးတွေကို ဆေးထိုးဖြစ်အောင် ထိုးကြဖို့ အထူးတိုက်တွန်းလိုပါတယ်၊ ဆေးမထိုးချင်တဲ့သူတွေကိုတော့ အတင်းအကျပ်တော့ မထိုးခိုင်းပါဘူး၊ သက်ဆိုင်ရာ မိဘအုပ်ထိန်းသူက သဘောမတူရင် ထိုးမပေးပါဘူး၊ ဆေးမထိုးပေမယ့် ကျောင်းလာအပ်ခဲ့လို့ရှိရင် ကျမတို့ကတော့ ကျောင်းအပ် လက်ခံပေးမှာပါ၊ အခုကမ္ဘာနဲ့အဝှမ်း ကူးစက်ဖြစ်ပွားနေတဲ့ ဒီကိုဗစ်-၁၉ရောဂါဟာ အရမ်းစိုးရိမ်စရာ ကောင်းပါတယ်၊ ဆေးထိုးတာနဲ့ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးထက် ကောင်းကျိုးတွေက ပိုများပါတယ်၊ အခုထိုးပေးမယ့်ကာကွယ်ဆေး  Sinovac ဟာဆိုရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အသိအမှတ်ပြုထားတဲ့အတွက် မိမိရဲ့ရင်သွေး သားသမီးငယ်လေးတွေ ရောဂါဘယကင်းဝေးစွာနဲ့ ပညာသင်ကြားနိုင်ဖို့ အနာဂါတ်ဘဝတွေ သာယာလှပဖို့ ကာကွယ်ဆေးကို ထိုးဖြစ်အောင်ထိုးကြပါလို့ တိုက်တွန်းလိုပါတယ်ရှင်။

 

 

ကော့သောင်းခရိုင်၊  ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက် နှင့်တွေ့ဆုံမေးမြန်းခြင်း

ဒေါ်မေဇင်ဦး။  ။ဆရာကြီးရှင် အခုကော့သောင်းမြို့မှာ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးမယ့် အခြေအနေနဲ့ ကာကွယ်ဆေးရရှိမယ့် အခြေအနေလေးတွေကို သိပရစေရှင့်။

ဒေါက်တာလင်းထိုက်။ ။ဟုတ်ကဲ့ပါ ကျနော်တို့ အခုကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးတဲ့ရက်ကိုတော့ သတ်မှတ်ပြီးသွားပါပြီ၊ ထိုးမယ်နေရာမှာ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဆိုပြီးထိုးမှာဆိုတော့ ပထမအကြိမ်ကိုတော့ အခုအောက်တိုဘာလ ဒုတိယအပတ်ကစပြီး နိုဝင်ဘာလ ဒုတိယပတ်အတွင်း ထိုးပေးပြီးတော့ ုတိယအကြိမ်ကိုတော့ နိုဝင်ဘာလ ဒုတိယအပတ်ကနေပြီးတော့ ဒီဇင်ဘာလပထမပတ်အတွင်း ဆေးရောက်ရှိမယ့် အခြေအနေအပေါ် မူတည်ပြီးထိုးနှံပေးသွားမှာဖြစ်ပါတယ်၊

ဒေါ်မေဇင်ဦး။  ။အခု ကာကွယ်းထိုးမယ်နေရာမှာ ဆေးထိုးအစုအဖွဲ့တွေအနေနဲ့ ကျန်းမာရေး ဌာနက ကြိုတင်ဆောင်ရွက်ထားရှိတဲ့ အခြေအနေလေးတွေကိုလည်း သိပါရစေရှင့်

ဒေါက်တာလင်းထိုက်။ ။ဟုတ်ကဲ့ လောလောဆယ်တော့ ကာကွယ်ဆေးထိုးတဲ့နေရာမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်ပြီးတော့ ကာကွယ်ဆေးထိုးအဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းထားပါတယ်၊ ကျန်းမာရေးဦးစီးဌာနက ချပေးထားတဲ့ ညွှန်ကြားချက်အရ အဖွဲ့တစ်ဖွဲ့မှာ (၁၂)ဦးပါရှိပါ့မယ်၊ အဖွဲ့ထဲမှာ ကျန်းမာရေး ဝန်ထမ်း()ဦး၊ ပညာရေးဝန်ထမ်း()ဦး၊ ကျန်တဲ့ ၆ ဦးကတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဌာနနဲ့ လူမှုကူညီရေး ဘော်လံတီယာ အဖွဲ့တွေကထဲက ဖြစ်ပါတယ်၊

ဒေါ်မေဇင်ဦး။  ။အခုဆေးထိုးပေးမယ်နေရာမှာ ဆရာတို့ဆေးထိုးအဖွဲ့တွေအင်အားအနေနဲ့ ဆေးထိုးစုရပ်တွေ အားလုံးကို လွှမ်းခြုံမှုရှိနိုင်ပါ့မလားဆရာ၊

ဒေါက်တာလင်းထိုက်။ ။ဟုတ်၊ လွှမ်းခြုံမှုရှိပါတယ်၊ ကော့သောင်းမြို့နယ်အနေနဲ့ ဆေးထိုးစုရပ်ကို ပညာရေးဌာနနဲ့ ညှိနှိုင်းပြီးတော့ ဆေးထိုးစုရပ်ကို (၁၂)နေရာ သတ်မှတ်ထားပါတယ်၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေက ကျောင်းသား(၈၂)ဦး၊ ကိုယ်ပိုင်အထက်တန်း ကျောင်းက()ဦး၊ နည်းပညာ အထက်တန်းကျောင်းက(၂၅)ဦး၊ အလက ကျောင်းတွေက(၂၁၇၄)ဦးနဲ့ အထကကျောင်းတွေက(၃၆၈)ဦးရှိပြီး အကြမ်းအဖျင်းအားဖြင့် ဆေးထိုးပေးရမယ့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၆၅၆)ဦးကို ဆေးထိုးနှံဖို့ အားလုံး စီစဉ်ပြီးဖြစ်ပါတယ်။

ဒေါ်မေဇင်ဦး။  ။နောက်တစ်ချက်အနေနဲ့ အခုထိုးနှံပေးမယ်ကာကွယ်ဆေးအမျိုးအစား၊ ဆေးရရှိမယ့် အခြေအေနေနှင့် လက်ခံထိန်းသိမ်းမယ့်အခြေအနေလေးတွေကိုလည်းသိပါရစေရှင့်၊

ဒေါက်တာလင်းထိုက်။ ။ဟုတ်ကဲ့ပါ၊ အခုကျောင်းသား၊ကျောင်းသူတွေကိုထိုးမှာက Sinovac အမျိုးအစားဖြစ်ပါတယ်၊ ဒီဆေးအမျိုးအစားဟာ စမ်းသပ်တွေ့ရှိချက်တွေအရ အသက်၁၂နှစ်အထက်အရွယ်ကလေးတွေကို ထိုးနှံရာမှာ အန္တရာယ်အကင်းဆုံးဖြစ်လို့ ဒီဆေးကိုထိုးနှံပေးဖို့စီစဉ်ထားတာဖြစ်ပါတယ်၊ဆေးကတော့ ဒီတစ်ပတ်အတွင်း ရောက်ရှိမယ်လို့တော့သိရပါတယ်၊ဆေးရောက်ပြီဆိုတာနှင့် သတ်မှတ်ညွှန်ကြားချက်တွေနဲ့အညီထားသိုပြီး စောစောကပြောသလို သတ်မှတ်တဲ့ရက်အပိုင်းအခြားမှာပထမကြိမ်ထိုးပါ့မယ် နောက်ပီးဒုတိယအကြိမ် ထပ်မံထိုးပေးဖို့စီစဉ်ထားပါတယ်။

ဒေါ်မေဇင်ဦး။      နောက်ဆုံးအနေနဲ့ ဆရာ့အနေနဲ့ ကျောင်းသား၊ကျောင်းသူတွေကို ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီးဘာများဖြည့်စွက်အကြံပြုချင်ပါသေးလဲရှင်

ဒေါက်တာလင်းထိုက်။ ။ဟုတ်ကဲ့ပါ၊ အခုလိုကာလမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ရတာဟာ ဆုလဘ် တစ်ပါးဖြစ်ပါတယ်၊ အားလုံးသိကြတဲ့အတိုင်းပါဘဲ့ ကျနော်တို့အခုဆို ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားမှု တတိလှိုင်းကိုလည်း ဖြတ်သန်းခဲ့ရပြီး ဆေးမထိုးထားတဲ့ မိသားစုဘဝတွေ ဝမ်းနည်းစရာ အတွေ့အကြုံများစွာ ရခဲ့ကြပြီးပါပြီ၊ ကျနော်တို့ကော့သောင်း ဆေးရုံအနေနဲ့ ပြောရမယ်ဆိုရင် ဒီရောဂါကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ကြရတဲ့ လူနာအများစု ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေး ထိုးထားခြင်း မရှိတဲ့လူတွေ ဖြစ်ပါတယ်၊ ဒါအပြင် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ရတဲ့လူအားလုံးဟာ ကာကွယ်ဆေး အကြိမ် ပြည့်မထိုးထားတဲ့ လူတွေဖြစ်နေကြတာ တွေ့ရပါတယ်၊ ဆေးအကြိမ်ပြည့် ထိုးနှံထားတဲ့လူတွေ တစ်ယောက်မှ သေဆုံးတာမတွေ့ရပါဘူး၊ ဒါကြောင့်မို့လို့ ကျောင်းသားမိဘတွေအနေနဲ့လည်း ကောလဟလ စကားတွေကို မယုံကြဘဲ ဒီလိုကိုဗစ်ကာလမှာ ကိုယ့်သားသမီးရင်သွေးငယ်တွေ ကျန်းမာရေးအတွက် အခုလိုရလာတဲ့အခွင့်အရေးကို အပြည့်အဝအသုံးချဖို့အတွက် အကြံပြု တိုက်တွန်းချင်ပါတယ်ခင်ဗျာ၊

ဒေါ်မေဇင်ဦး။  ။ဟုတ်ကဲ့ပါဆရာ အခုလိုအချိန်ပေး ပြောကြားပေးတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်ရှင်၊

ဒေါက်တာလင်းထိုက်။ ဟုတ်ကဲ့ပါ ကျနော်ကလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် ပတ်သက်ပြီး အများပြည်သူ့သိရှိအောင်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကတဆင့် သတင်းစကားပါးရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။

တွေ့ဆုံမေးမြန်း- ဒေါ်မေဇင်ဦး(ဒုတိယဦးစီးမှူး)

ဓာတ်ပုံ- ကျော်စိုး(ကော့သောင်း)