မကွေး အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မကွေးမြို့ ပြည်တော်သာရပ်ကွက်နှင့် အလယ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူ များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်း၍ နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါကြောင်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးသည် မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီမှူးရုံးမှ ဝန်ထမ်းများက မကွေးမြို့ ပြည်တော်သာ ရပ်ကွက်နှင့် အလယ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးအနေဖြင့် ကျန်ရှိ နေသည့် ရပ်ကွက်/ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေးခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆက်လက် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)