ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးရန် စီစဉ်ဆောင်ရွက်နေမှုများအား တွေ့ဆုံမေးမြန်းခြင်း

မြောင်းမြ    အောက်တိုဘာ   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မြောင်းမြ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက် နှင့် အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်တို့အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့တယ်။

မေး−   ဆရာ့ရဲ့အမည်နဲ့တာဝန်ကိုမိတ်ဆက်ပေးပါဦးရှင့်။

ဖြေ−   ကျွန်တော်ကတော့ မြောင်းမြခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးဖြစ်ပါတယ်။

မေး−   ကိုဗစ်−၁၉ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ခရိုင်အနေနဲ့ စီမံဆောင်ရွက်ထားရှိမှု အခြေ အနေလေးကိုလည်းသိချင်ပါတယ်ရှင့်။

ဖြေ−   ကျွန်တော်တို့ မြောင်းမြခရိုင်မှာ မြောင်းမြ၊အိမ်မဲ၊ဝါးခယ်မ(၃)မြို့နယ်ရှိပြီး ကျောင်းပေါင်း (၃၆၅) ကျောင်းရှိပါတယ်။ အခြေခံပညာကျောင်းမှာ(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ(၃၆၂၆၆)ဦး၊ ဘုန်းတော်ကြီးသင်ကျောင်းက (၂၃၃)ဦး၊ ကိုယ်ပိုင်ကျောင်းမှာ(၁၅၆)ဦး ဆိုတော့ အားလုံး စုစုပေါင်း (၃၆၆၅၅)ဦးဖြစ်ပါတယ်။ ဆေးထိုးရန်(၃)မြို့နယ်မှာ (၂၂)ဖွဲ့ဖွဲ့စည်းတာဝန်ပေးအပ်ထားပါတယ်။ ဆေးထိုး မယ့်နေရာကတော့(၄၅)နေရာဖြစ်ပါတယ်။ (၃)မြို့နယ်မှာဝါးခယ်မ၊မြောင်းမြကရေလမ်းခရီးရှိပါတယ်။ ရေလမ်းရှိတဲ့ရွာကိုကျတော့ ရေယာဉ်အသင်းမှ ပဲ့ထောင်များ စီစဉ်ပေးပြီးတော့ဆေးထိုးအဖွဲ့များက ပဲ့ထောင်တွေနဲ့ ရေလမ်းကြောင်းဖြင့်သွားမှာဖြစ်ပါတယ်။ ဝေးတဲ့နေရာတွေ ကျတော့ ညအိပ်ညနေ ဆေးထိုးသွားပြီး အဲ့ဒီနေရာမှာအထိုင်ချပြီး ဆေးကိုသယ်ယူပေးမှာပါ။ ပြီးတော့ စုရပ်နေရာတွေမှာ ထိုးမယ် ကျောင်းတွေမှာ ရွေ့ပြောင်းပြီးထိုးမယ်၊ နေ့ချင်းပြန်လို့ရတဲ့ မြို့ပေါ် ရပ်ကွက်တွေနဲ့မြို့နဲ့နီးတဲ့ ရွာတွေကျတော့ နေချင်းပြန်အဖွဲ့တွေသွားပြီးတော့ ထိုးမှာဖြစ်ပါတယ်။ (၃)မြိုနယ်စလုံးသေချာ စီမံချက်တွေ ဆွဲအဖွဲ့တွေဖွဲ့ပြီး စီမံဆောင်ရွက် ပေးထားပါတယ်။

မေး−   အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေအတွက် ကာကွယ်ဆေးရရှိမှု အခြေအနေလေးနှင့် ကာကွယ်ဆေးကို ဘယ်နှစ်ရက်ထိုးနှံပေးမလဲ ဆိုတာကိုလည်း သိချင်ပါတယ်ရှင့်။

ဖြေ−   ပုသိမ်မြို့ကိုဆေး(၁၄)ရက်နေ့ ရောက်မယ်လို့ သိရှိရပါတယ်။ ကျွန်တော်တို့မြို့နယ် အသီးသီးကို (၁၅)ရက်နေ့ရောက်ပါမယ်။ သုံးမြို့နယ်လုံးကို(၁၅)ရက်နေ့ ရောက်အောင်သယ်ယူမယ်။ (၁၆)ရက် နေ့မှစပြီးတော့ကွင်းဆင်းပြီးထိုးနှံကြမယ်။ ထိုးနှံတဲ့အခါကျတော့ (၃)ရက်နဲ့(၅)ရက်အတွင်း ကျောင်းသားလူဦးရေနဲ့ ကျွန်တော်တို့ဖွဲ့ထားတဲ့ အဖွဲ့တွေနဲ့ဆိုရင်(၃)ရက်နဲ့(၅)ရက်အတွင်းမှာ အကုန်ထိုးနှံဖို့အတွက်စီမံဆောင်ရွက်ထား ပါတယ်။

မေး−   ကျောင်းသားမိဘတွေနဲ့ ကျောင်းသူ/ကျောင်းသားများကို ပြောချင်တဲ့ စကားလက်ဆောင်လေးကိုလည်း ပြောကြားပေးပါဦးရှင့်။

ဖြေ−   ကျောင်းသားကလေးတွေကို ကာကွယ်ဆေးထိုးပေးမှာ ဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုး လုပ်ငန်းအောင်မြင်ဖို့ကျွန်တော်တို့ရဲ့ ကျောင်းသားမိဘများကလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပြောကြားချင်ပါတယ်။ ကျွန်တော်တို့ စုရပ်အသီးသီးကိုလည်း ကျောင်းသား/ကျောင်းသူ များကိုဖိတ်ခေါ်မှာပါ။ အဲဒီအခါကျရင် မိဘများကလည်းစုရပ်ကျောင်း နေရာတွေကိုကိုယ့်ရဲ့သားသမီးတွေကို ပို့ဆောင်ပေးဖို့၊ ကျွန်တော်တို့ကလည်း ကျောင်းကပညာရေးဝန်ထမ်း အပါအဝင်ဆေးထိုး အဖွဲ့တွေနဲ့ ကလေးတွေအားလုံးကို ကာကွယ်ဆေးထိုးလုပ်ငန်းမှာ အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

မေး-   ဆရာ့ရဲ့အမည်နဲ့တာဝန်ကိုမိတ်ဆက်ပေးပါဦးရှင့်။

ဖြေ- ကျွန်တော်ကတော့ မြောင်းမြခရိုင်၊  ဒုခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးသက် ဖြစ်ပါတယ်။

မေး−   (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြပေးပါဦးရှင့်။

ဖြေ−   အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ဖို့ အခွင့်အလမ်းများ ရရှိစေရန်၊အခြေခံပညာကျောင်းသားကျောင်းသူများမှာ ကိုဗစ်−၁၉ရောဂါ ပျံ့ပွားနိုင်မှုကို အတတ်နိုင်ဆုံး လျော့ချနိုင်ရန်နှင့် ကျောင်းသားကျောင်းသူများမှတစ်ဆင့် သူတို့ရဲ့မိသားစု၊ ပတ်ဝန်းကျင်ကိုကိုဗစ်−၁၉ ရောဂါ ကူးစက်နိုင်မှုအတတ်နိုင်ဆုံး တားဆီးနိုင်ရန်ဖြစ်ပါတယ်။

မေး-   မြောင်းမြခရိုင်မှာကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။

ဖြေ-    မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်မှာဆိုရင် ကိုဗစ်−၁၉ ကာကွယ်ဆေးကိုမတ်လထဲကစပြီး တော့ CovidShield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ မေလမှ စပြီး တစ်ဆက်ထဲပဲ Sinopharm ကာကွယ်ဆေး၊ စက်ရုံလုပ်သားတွေအတွက် Sinovacကာကွယ် ဆေးကိုထိုးနှံ ပေးခဲ့ ပါတယ်။အခုဆိုရင် မြောင်းမြမြို့နယ်မှာ အသက်(၁၈)နှစ် အထက် လူဦးရေရဲ့ ၃၀% လောက်ကို ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးစီးပြီးဖြစ်ပါတယ်။

မေး-   ယနေ့အထိ ကိုဗစ်−၁၉ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်နှင့် ယခုထိုးနှံပေးမယ့် ကာကွယ်ဆေး အမျိုးအစားကိုလည်းသိချင်ပါတယ်ရှင့်။

ဖြေ-    ဦးစားပေးအုပ်စုအလိုက် အသက်(၆၅)နှစ်အထက်ကနေစတင်ထိုးနှံပေးနေပါတယ်။ အုပ်စု(၂၃) အုပ်စုကို ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်းကာကွယ်ဆေး ထိုးနှံလာတာ အခုဆိုရင် လူဦးရေ(၃၂၀၀၀)ကျော်ကိုထိုးနှံပေးပြီးဖြစ်ပါတယ်။ အခြေခံပညာ အလယ်တန်း/အထက်တန်းမှအသက် (၁၂)နှစ် အထက်ကျောင်းသား/ကျောင်းသူများကို ထိုးပေးမယ့် ဆေးအမျိုးအစား ကတော့  Sinovac ကာကွယ်ဆေး ဖြစ်ပါတယ်။ ဒီ Sinovac ကာကွယ်ဆေးကတော့(၁၂)နှစ်အထက် ကျောင်းသားများကို ထိုးဖို့အတွက်ဘေးထွက်ဆိုးကျိုး အနည်းဆုံးဆေးကိုဦးတည်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ်။

မေး-   ကာကွယ်ဆေးထိုးပေးမည့်ကာလလေးကိုလည်းသိချင်ပါတယ်ရှင့်။

ဖြေ-    ကာကွယ်ဆေးထိုးမည့် အကြိမ်ကတော့ အောက်တိုဘာ(၁၆)ရက်နေ့မှ စပြီးနိုဝင်ဘာ (၁၂)ရက် အတွင်းမှာ ပထမအကြိမ် အပြီးထိုးနှံမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ကတော့ နိုဝင်ဘာ(၁၃)ရက်နေ့မှ စပြီး ဒီဇင်ဘာ(၁၀)ရက်နေ့အတွင်းကိုအပြီးထိုးနှံမှာဖြစ်ပါတယ်။ ကာကွယ်ဆေးက(၂)ကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။ ပထမအကြိမ်ထိုးနှံပြီးရင် ဒုတိယအကြိမ်က (၂၁)ရက်မှ(၂၈)ရက်အတွင်းထိုးနှံဖို့လိုအပ်ပါ တယ်။ အခုဆိုရင် ကာကွယ်ဆေးထိုးနှံဖို့အတွက် ပညာရေးဌာနနှင့်ပူးပေါင်းကာမိဘများကိုခေါ်ယူပြီး Advocacy Meeting ပြုလုပ်ပြီးပါပြီ။ မြို့ပြရောကျေးလက်ပါမကျန် ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးမှာဖြစ်ပါတယ်။ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးပါကကျောင်းသား၊ ကျောင်းသူများ အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ရောဂါဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ ကျောင်းများမှာ စိတ်ချလုံခြုံစွာ ပညာသင်ယူခွင့် ရရှိမှာဖြစ်ပါတယ်။  ကျောင်းသား၊ ကျောင်းသူ များအတွက်လည်း ကောင်းမွန်စွာ ပညာသင်ယူခွင့်ရရှိမှာဖြစ်တဲ့အပြင်ပြည်သူလူထု အတွင်းမှာလည်း ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုများမြင့်မားလာပြီး ရောဂါဖြစ်ပွါးသေဆုံးမှုကို တားဆီးနိုင်မည့် အကျိုးရလဒ်ကိုရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး-   ဆရာကြီးရဲ့အမည်နှင့်ရာထူးကိုပြေပြပေးပါဦးရှင့်။

ဖြေ-    ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစသိန်းကျော် ဖြစ်ပါတယ်။

မေး-   အခြေခံပညာကျောင်းများကို  ဘယ်အချိန်မှာ စဖွင့်ဖို့အစီအစဉ် ရှိပါသလဲရှင်။

ဖြေ-    ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့  ကူးစက်မှုနှုန်း ၅% အောက် လျော့ကျသွားတဲ့ အချိန် မှာပြန်လည်ဖွင့်လှစ်ဖို့  ရည်မှန်းထားတယ်လို့  သိရပါတယ်။ လက်ရှိအချိန်တွေမှာလည်း အသက် (၁၂)နှစ် အထက်ကျောင်းသား၊     ကျောင်းသူများ  (အလယ်တန်းအဆင့်၊အထက်တန်း အဆင့်)ကို  ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိတဲ့ အတွက်ကြောင့်  ကာကွယ်ဆေးထိုး ပြီးတဲ့ကာလမှာ  ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့  မျှော်လင့်ပါတယ်။

မေး-   အသက်(၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံ နိင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု  အခြေအနေကို  ပြေပြပေးပါဦးရှင့်။

ဖြေ-    ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝန်ကြီးချုပ် ၏  လမ်းညွှန်မှု နှင့်  ခရိုင်အ ဆင့်၊ မြို့နယ်အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏  ကြီးကြပ်ကွပ်ကဲမှု  နှင့်    ခရိုင်အခြေခံပညာ ကျောင်းတွေမှာရှိတဲ့  အသက်  (၁၂) နှစ် အထက်ကျောင်းသား၊ ကျောင်းသူများကို  စာရင်းပြုစုခြင်း၊  ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ အတွက်  ရေမြေဒေသ အခြေအနေ  အလိုက် ကာကွယ်ဆေးထိုး စုရပ်များဖွဲ့စည်းခြင်း၊ ကာကွယ်ဆေးထိုးနှံမည့် အဖွဲ့များ ကို ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊  လူမှုဝန်ထမ်း ထမ်းဦးစီးဌာန၊ ပညာရေးဌာနနှင့် ကျေးရွာမှာရှိတဲ့ဒေသ အာဏာပိုင် များနှင့်ပူးပေါင်းပြီး   ကာကွယ်ဆေးထိုးအဖွဲ့များ ဖွဲ့စည်းခြင်း၊  အခြေခံပညာကျောင်းအုပ်များက လည်း (၁၂) နှစ်အထက် အလယ်တန်း၊  အထက်တန်းကျောင်းသား၊ ကျောင်းသူများ၊  ဆေးထိုးနှံ မည့် ကျောင်းသား/သူများ ၏မိဘများကို ကျေးရွာမှာရှိတဲ့ ရပ်မိရပ်ဖများ၊  ကျောင်းအကျိုးတော် ဆောင်များ  နှင့် ပူးပေါင်းပြီး  ကာကွယ်ဆေးထိုးနှံမည့်  အစီအစဉ်များကို ကြိုတင်အသိပေးခြင်း၊ မိဘများ အားဆေးထိုးနှံမည့် လုပ်ငန်းအစီအစဉ်များ မှာပူးပေါင်းပါဝင်ရန် ကြိုတင် ညှိ နှိုင်း ခြင်း များဆောက်ရွက်လျက် ရှိပါတယ်။

မေး-   အသက်(၁၂) နှစ်အထက် ကာကွယ်ဆေးထိုးမည့်  ကျောင်းသား၊ ကျောင်းသူဦးရေကိုလည်း ပြောပြ ပေးပါဦးရှင့်။

ဖြေ-    မြောင်းမြခရိုင်၊  မြောင်းမြမြို့နယ်တွင်   အထက်တန်း၊အလယ်တန်းအဆင့်ကျောင်းသား   စုစုပေါင်း (၁၂၀၀၆)  ယောက်၊ ဝါးခယ်မမြို့နယ်တွင်  (၁၄၃၄၆) ယောက်၊    အိမ်မဲမြို့နယ်တွင်    (၁၀၃၀၃) ယောက်ရှိပါတယ်။ ခရိုင်အတွင်းမှာအထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား(၃၆၆၅၅)  ယောက်  ရှိပါတယ်။ အဲ့ဒါကတော့ အသက် (၁၂) နှစ်အထက် ကာကွယ်ဆေးထိုးနှံမည့်   ကျောင်းသား / သူစုစုပေါင်း ဖြစ်ပါတယ်။

မေး-   ကျောင်းသား၊ကျောင်းသူများနဲ့  မိဘများကို ပြောချင်တဲ့ စကားလေးတွေ ရှိရင် လဲပြောပြ ပေးပါဦးရှင့်။

ဖြေ-    ကျောင်းသား၊ ကျောင်သူများ  နဲ့   ကျောင်းသားမိဘများကို မေတ္တာရပ်ခံချင်တာကတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းနဲ့ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ဌာနရဲ့ လမ်းညွှန်ချက်တွေကို  လိုက်နာဆောင်ရွက် ပေးစေလိုပါတယ်။   တစ်ဦးကို တစ်ဦး  အသိပေးခြင်း၊ သတိပေးခြင်းတို့နဲ့ ရောဂါကာကွယ်ခြင်း  လုပ်ငန်းများ ကိုအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  ကပ်ရောဂါဘေးကနေ အားလုံးကျော် ဖြတ်နိုင်ပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။

တွေ့ဆုံမေးမြန်းသူ     − ဒေါ်စန္ဒာကြည်(ခရိုင်ပြန်/ဆက်)

ရိုက်ကူးသူ               − ဒေါ်သက်ဝေနှင်း၊ဒေါ်ထက်ထက်စု (ခရိုင်ပြန်/ဆက်)