ပခုက္ကူမြို့၌အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးပိုစတာ စိုက်ထူ

ပခုက္ကူ အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ လွတ်လပ်ရေးပန်ခြံနှင့်အထက-၂ ရှေ့တွင် ယမန်နေ့ ညနေ၃နာရီအချိန်က အသက်(၁၂)နှစ်ပြည့်ပြီးကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနံရေး အသိပညာပေးပိုစတာစိုက်ထူခဲ့သည်။

အဆိုပါပိုစတာစိုက်ထူရာတွင် အသက်(၁၂)နှစ် နှင့် အထက်အလယ်တန်း၊အထက်တန်း ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂါတ်ပန်းခင်းများ ဆီသို့ဟူသော ရည်ရွယ်ချက်ဖြင့် လည်းကောင်း ၊ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ  ပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့ဟူသော ဆောင်ပုဒ် ဖြင့်လည်းကောင်း ဒေသတွင်းနိုင်ငံများတွင် ကျောင်းသား၊‌ကျောင်းသူများအား ဆေးထိုးနှံ ပေးနိုင်မှုအခြေအနေတို့ဖြင့် အသိပညာပေးပိုစတာများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်းနှင့်ဘေးအန္တရာယ်ဆိုင်

ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိဒေါ်ကြည်ပြာစိုးတို့ ဦးဆောင်၍ ပူးပေါင်းစိုက်ထူခဲ့ကြသည်။

ပခုက္ကူမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/ကျောင်းသူ(၄၆၃၇)ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မကြာမီကာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး အထက-၁၊ အထက-၂၊ အထက-ကမ္မ၊ အထက-မြစ်ခြေ၊ အထက-ကျွန်းချောင်း၊ အထက-နန်းတော်ရပ်၊ အထက-ဝါဇီနှင့်ထက(ခွဲ)ဒဲ့ပြားတို့ဖြင့်ဆေးထိုးစုရပ်များသတ်မှတ်ကာ ကာကွယ်ဆေးထိုးနှံ နိုင်ရေး အတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းသူ(ပြန်/ဆက်)