ပုသိမ်ခရိုင် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ)  ၆ လ ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ပွဲကျင်းပ

ပုသိမ်  အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(အောက်တိုဘာလ မှ မတ်လ အထိ) ၆ လ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်ခရိုင် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးလင်းကိုကို က အမှာစကား ပြောကြားရာတွင် “တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအရ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့် အညီ ဒေသဖွံ့ဖြိုးရေးကို ဦးတည်ရေးဆွဲထားသည့် (၆)လ ဒေသန္တရ စီမံကိန်းပါရည်မှန်းချက်များ ပြည့်မီရေး၊ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မည့် ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း၊ယခင်နှစ်ဆောင်ရွက်ခဲ့သည့် စီမံကိန်း လုပ်ငန်းများမှ လယ်ယာ ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများမှာ ယခင်နှစ်အလားတူ ကာလထက် တိုးတက်ခဲ့ပြီး သစ်တောကဏ္ဍတွင် ယခင်နှစ်ထက်လျော့နည်းခဲ့သော်လည်း ပုသိမ်ခရိုင်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ စက်တင်ဘာလ အထိ) ကျပ်သန်း ၃၈၇၅၀၁၀.၅ သန်း ရရှိခဲ့သဖြင့် ၉၅.၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလအပေါ် ၁.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၊ ယခု (၆)လ ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များကိုလည်း ပြည့်မီ စွာ ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ ကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်းမှူး ဒေါ်နီနီအောင်က စီမံကိန်းပါ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှာကြားပြီးနောက် ခရိုင်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ က မြို့နယ်စီမံကိန်းရေးဆွဲနှင့် အကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဋ္ဌ များထံသို့ ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်ဟန်