ဘားအံမြို့နယ် သံလှယ်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ကိုယ့်အားကိုယ်ကိုး အောက်ဆီဂျင်စက်ရုံတည်ဆောက် ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၂၀)ထည့်ဝင်လှူဒါန်း

ဘားအံ အောက်တိုဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များပူးပေါင်း၍ ကျေးရွာနေမိဘပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းမပြုမီ အမည်စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေး စစ်ဆေးပေးမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ ထိုးနှံပြီးခေတ္တ(နာရီဝက်ခန့်) အနားယူစောင့်ဆိုင်းစေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

သံလှယ်ကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူဦးရေ ၁၆၀၀ ဦးခန့်အား တစ်ရက်လျှင် ၄၀၀ ဦးနှုန်းဖြင့် ၄ ရက်တိုင်တိုင် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်ရှိသူများကို ရရှိသည့် ကာကွယ်ဆေးခွဲတမ်းများအရ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုသည် သံလှယ်ကျေးရွာ အများ ပြည်သူထည့်ဝင် လှူဒါန်းငွေကျပ် သိန်း ၈၀၀ ကျော်ခန့်အသုံးပြု၍ ကိုယ့်အားကိုယ်ကိုး အောက်ဆီဂျင်စက်ရုံ တည်ဆောက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး သံလှယ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကေတုအား သွားရောက်ဖူးမြော်ကြည်ညို၍ အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထည့်ဝင်လှူဒါန်းသည့်  ငွေကျပ်သိန်း(၂၀)ကို ဆရာတော်ထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)