မြိုင် အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရှေ့တွင် အောက်တိုဘာလ ၉ရက် နံနက်၉နာရီအချိန်က အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ပိုစတာစိုက်ထူသည်။
အဆိုပါ ပိုစတာစိုက်ထူရာတွင် အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂါတ်ပန်းခင်းများဆီသို့ ဟူသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဟူသော ဆောင်ပုဒ်ဖြင့်လည်းကောင်း ဒေသတွင်းနိုင်ငံများတွင် ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးနှံပေးနိုင်မှု အခြေအနေတို့ဖြင့် အသိပညာပေး ပိုစတာများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထိုက် ဦးဆောင်၍ ပညာရေးဌာနမှ တာဝန်ရှိသူများဖြင့် ပူးပေါင်းစိုက်ထူခဲ့ကြသည်။
မြိုင်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ(၁၄)ရက်နေ့မှ စတင်ကာ ထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့မဇုံ၊ ဗဟင်းဇုံ၊ လက်ယက်မဇုံနှင့် ကိုင်းတောမဇုံတို့ဖြင့် ဆေးထိုးစုရပ်များ သတ်မှတ်ကာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရ(ပုံတောင်)