မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာ၌ လုံးသွယ်မွှေး မျိုးစပါးဧက(၁၀၀) စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မင်းဘူး          အောက်တိုဘာ          ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံကျေးရွာ၌ ကွင်းအမှတ် (၁၂၀၃) ကျောက်စံကွင်းအတွင်းရှိ ဒေသခံတောင်သူများက (JASMINE-105) လုံးသွယ်မွှေး မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀)ကို စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ကျောက်စံကျေးရွာတွင် “ဖူးပွင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လီမီတက်နှင့် အကျိုးတူ ပူပေါင်းဆောင်ရွက်ထားသော (JASMINE-105) လုံးသွယ်မွှေး မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀)ကို ကျောက်စံကွင်းအတွင်းရှိ ဒေသခံတောင်သူ (၂၇)ဦး၏ လယ်မြေ၌ ၂၀၂၁  ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့က ကောက်ကွက်စနစ်ဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း၊ လုံးသွယ်မွှေး စပါးသက်တန်းမှာ ပုံမှန်စပါးမျိုးများအတိုင်း ရက်ပေါင်း ၁၂၀ ခန့်ဖြစ်ပြီး တစ်ဧကကို ပျှမ်းမျှ တင်း(၈၀)နှုန်း ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း” ကျောက်စံကျေးရွာမှ ဒေသခံတောင်သူ ဦးသန်းလွင်က ပြောသည်။

အဆိုပါ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးမြေလယ်ဧက (၂၀၀)ကျော် တိုးချဲ့ဆောင်ရွက် နိုင်ရန် စိုက်ပျိုးရေရရှိရေးနှင့် ရေမြောင်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)