ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ပေါက် အောက်တိုဘာ  ၉

 မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်၁၂နှစ် အထက်ရှိသော ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ရွှေပေါက်ပင်မခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ အန္တရာယ် ကင်းဝေးစေရေးအတွက် အခြေခံပညာကျောင်းများရှိ အသက်၁၂ နှစ်အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးစာရင်း ပြုစုခြင်း လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

 ထို့နောက် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ခင်မာလွင်က ဆေးထိုးစုရပ်များတွင် ကြိုတင်​ပြင်ဆင် ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းစဉ်များကိုလည်း​ကောင်း၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးမြင့်လှိုင်က မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံရမည့် အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများစာရင်း ပြုစုထားရှိမှုများနှင့် ဆေးထိုးစုရပ်ကျောင်းများ အလိုက် ဆရာ၊ ဆရာမများ တာဝန်ပေး ဆောင်ရွက်ထားမှုများကို လည်းကောင်း၊ ဌာနဆိုင်ရာများက ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအောင်မြင်စွာ ထိုးနှံပြီးစီးရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေး နွေးတင်ပြရာ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌက ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

 ပေါက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက် ၁၂နှစ်အထက် ကျောင်းသား၊ ကျောင်း သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပေါက်မြို့(အ.ထ.က)၊ ရေပြာ ကျေးရွာ(အ.ထ.က)၊ ဇီးပြားကျေးရွာ(အ.ထ.က) စုစုပေါင်း ဆေးထိုးစု ရပ်သုံးနေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပေါက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးထံမှ သိရသည်။

ဥမ္မာကျော်(ပြန်/ဆက်)