ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျှက်ရှိသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

ဒေးဒရဲ  အောက်တိုဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့အား ယမန်နေ့က သွားရောက်မေးမြန်းခဲ့ပါတယ်။

မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင်အား တွေ့ဆုံမေးမြန်းခဲ့ပါတယ်၊

မေး။     ဆရာကြီးမင်္ဂလာပါခင်ဗျာ့၊ ကျွန်တော်တို့ ဒေးဒရဲမြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား  ၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက်   ကျန်းမာရေးဌာနအနေနဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေကို ပြောကြားပေးပါခင်ဗျာ။

ဖြေ။     ဟုတ်ကဲ့ခင်ဗျ၊ ကျွန်တော်တို့ ဒေးဒရဲမြို့နယ်အတွင်းမှာ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်း သူများကို ကိုဗစ်-၁၉ကာကွယ် ဆေးထိုးရန် ဆေးထိုးအဖွဲ့(၄)ဖွဲ့ ဖွဲ့၍ နေရောင်ကာတိုက်နယ်၊ အကယ်တိုက်နယ်၊ ကျုံဒါးတိုက်နယ်၊ ဆူးကလပ်တိုက်နယ် စသည့် ဆေးထိုးစုရပ်လျာထားနေရာ (၄)နေရာ သတ်မှတ်ထားရှိပြီး ကျန်းမာရေးဝန် ထမ်းများ၊ မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ကျောင်းကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပူးပေါင်း၍ ကာကွယ်ဆေးထိုးခြင်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဦးလှစိုးအား တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။     ဆရာကြီးမင်္ဂလာပါ။ ကျွန်တော်တို့   ဒေးဒရဲမြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား   ၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ပညာရေးဌာနအနေနဲ့ ဆောင်ရွက်ထားရှိမှု  အခြေအနေကို ပြောကြားပေးပါ ခင်ဗျာ။

ဖြေ။     ဒေးဒရဲမြို့နယ်တွင် အထက်တန်းအဆင့် စာသင်ကျောင်း(၄၆)ကျောင်း၊ အလယ်တန်းအဆင့် စာသင်ကျောင်း (၅၉) ကျောင်း၊ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၁၀၆) ကျောင်းရှိ ကျောင်းသားဦးရေ (၇၅၀၁)ဦးအား ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်၊ ဆေးထိုးစုရပ် (၄)ခုအပြင် သွားလာရေးခက်ခဲ သောနေရာများရှိ ကျောင်းသား၊ကျောင်းသူများကို အဆင်ပြေမည့် ဆေးထိုးစုရပ်နေရာ သတ်မှတ်ပြီး  သွားရောက်ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက် အလက်များကို မြို့နယ်ပညာရေးဌာနမှ ဖြည့်သွင်းမှာဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး စီမံချက်များ ရေးဆွဲထားပြီးဖြစ်ပါတယ်။

မေး။     ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်နေရာများတွင် လာရောက်ထိုးနှံနိုင်ရေး ဘယ်လိုဆောင်ရွက်ထားရှိပါသလဲ ခင်ဗျ။

ဖြေ။     ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ တဆင့်အသိပေး ဆက်သွယ်အကြောင်းကြားပြီး ဖြစ်ပါတယ်။

မေး။     မကြာခင်မှာ အခြေခံပညာကျောင်းများ၊ ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရတဲ့အတွက် ကျောင်းတွေ ပြန်လည်ဖွင့်ဖို့ ဆောင်ရွက်ထားရှိမှုနဲ့ သင်ကြားမယ့်ဆရာ၊ ဆရာမများ အားလုံးရော ကာကွယ်ဆေးထိုးနှံ ပြီးပါပြီလားခင်ဗျ။

ဖြေ။     ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စာသင်ခန်းများသန့်ရှင်းရေး၊ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေး၊ ကျောင်းခြံဝင်းလုံခြုံရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ သင်ကြားပြသမည့်ဆရာ၊ ဆရာမ အားလုံးနီးပါး ကာကွယ်ဆေး ထိုးပြီးကြပါပြီ။ ကျန်ရှိသည့် ဆရာ၊ ဆရာမတွေကိုလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

မေး။     အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်မှုအပေါ် ဆရာကြီးရဲ့ ပီတိစကားလေးကိုလဲ သိချင်ပါတယ်။

ဖြေ။     အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ဆေးထိုးပေးရန် စီစဉ်ပေးတဲ့ နိုင်ငံတော်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်လည် တက်ရောက်သည့်အခါ ယုံကြည်မှုအပြည့်နှင့် တက်တယ်။ ကျန်းမာကြံ့ခိုင်စွာဖြင့် ကျောင်းသား၊ ကျောင်းသူနဲ့ မိဘတွေရဲ့ကိုယ်စား ပီတိဖြစ်မိပါကြောင်း ပြောကြားလိုပါတယ်။

ယခုလို ဖြေကြားပေးတဲ့အတွက် ဆရာကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

အေဇာလင်း