ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ ဒေသခံပြည်သူ(၅၀)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး

ပွင့်ဖြူ  အောက်တိုဘာ  ၉

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်ရွာခိုင်ကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူ ၅၀ ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရေးအတွက် အခမဲ့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က ပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ရာတွင် ယူဆောင်လာရမည့် အထောက်အထားများနှင့် မပျောက်ပျက်အောင် ကိုင်တွယ် ထိန်းသိမ်းရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းပြောကြားပြီး ကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် လာရောက်သူများကို အထောက်အထားများ စိစစ်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီး အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ပြုလုပ်ပေးခြင်းကို တစ်မြို့နယ်လုံး လူဦးရေ ၃၉၀၀ လျာထားသတ်မှတ်ပြီး နေ့စဉ် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရကာ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ ယနေ့အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၉၄၁)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း (၂၀၇၀)စုတို့ကို ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဒေသခံပြည်သူများကိုလည်း ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးညွန့်ဝင်းထူး က ပြောသည်။  

ရဲဝင်းနိုင် (ညောင်ဦး)