နတ်တလင်း အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို အ.ထ.က (နတ်တလင်း)ကျောင်းတွင် ယမန်နေ့ ညနေ(၄)နာရီက ဆောင်ရွက်ခဲ့သည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းနှင့်ပတ်ဝန်းကျင် သာယာလှပစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး ဦးဆောင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက ကျောင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများရှင်လင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စာသင်ခုံများ နေရာချထားခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခွင့်ရရှိပါက ကာကွယ်ဆေးထိုးရန်အတွက် ကျောင်းသားစာရင်းများ ကောက်ယူခြင်းကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းသားမိဘများအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားကြရန်အတွက် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ဝေယံဖြိုး