တနင်္သာရီမြို့နယ်အတွင်း ကျောင်းသား/သူ (၃၉၆၃)ဦးကို ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်အား တွေ့ဆုံမေးမြန်း

 

မြိတ် အောက်တိုဘာ ၉

အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းဖြင့် ကျောင်းသား/ သူများပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အခြေခံပညာကျောင်းသား/ သူများတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးမှု၊ သေဆုံးမှုကို လျော့ချရန်နှင့် ၎င်းကျောင်းသား/သူများမှတစ်ဆင့် မိသားစု၊ ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်‌စေရန် စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မြို့ပြ/ကျေးလက်မကျန် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသူ/ ကျောင်းသားများကို (ပထမ)အကြိမ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးမည်ဖြစ်သဖြင့် အခြေခံပညာကျောင်း(၄၆)ကျောင်းတို့မှ အကျုံးဝင်သော ကျောင်းသား/သူ (၃၉၆၃)ဦးကို ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်အား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက တွေ့ဆုံမေးမြန်း၍ သိရှိရမှုများကို တင်ပြလိုက်ရပါသည်။

မေး။  မင်္ဂလာပါဆရာကြီးခင်ဗျာ။ ဆရာကြီးရဲ့ နာမည်နဲ့တာဝန်ကို မိတ်ဆက်ပေးပါ။

ဖြေ။ ကျနော်ကတော့ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စု တနင်္သာရီမြို့နယ်မှ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်ဖြစ်ပါတယ်။

မေး။ မြို့နယ်အတွင်းကျောင်းများမှ အသက်(၁၂)နှစ်အထက်ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်ဆောင်ရွက်ထားရှိမှုတွေကို သိပါရစေ။

ဖြေ။ တနင်္သာရီမြို့နယ်ထဲမှာ ကျောင်းသူ/သားတွေကို ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံနိုင်အောင်လို့ ထိုးနှံပေးဖို့အတွက် ကျောင်းဝင်စာရင်းများအရ အသက်(၁၂)နှစ်ပြည့်ပြီးတဲ့ ကျောင်းသား/သူတွေကို ဆေးထိုးအုပ်စု (၅)ခုခွဲပြီး သတ်မှတ်ထားပါတယ်။      အုပ်စု(၁)အနေနဲ့ အထက-တနင်္သာရီ ၊  အုပ်စု(၂) အထက-မော်တုန်း၊ အုပ်စု(၃) အထက-ညောင်ပင်ကွင်း၊ အုပ်စု(၄)အထက-တကူကျောင်းနဲ့ အုပ်စု(၅) အထက(ခွဲ) မောတောင်ဆိုပြီး အုပ်စု(၅)စုခွဲကာ ထိုးနှံပေးဖို့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးဆောင်တွေကို ခေါ်ယူညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ 

မေး ။ ဆေးထိုးနှံရမည့် ကျောင်းသား/သူတွေ ဆေးထိုးစုရပ်တွေဆီ လာရောက်နိုင်ဖို့ မည်သို့စီစဉ် ထားရှိပါသလဲခင်ဗျာ့။

ဖြေ  ။ ဆေးထိုးနှံတဲ့အခါကျရင် ထိုးနှံမယ့်နေ့မှာ လာရမဲ့အချိန်ကိုခွဲခြားထားပါတယ်။ ပြီးရင် အဲဒီမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ရန်အတွက်လဲ သက်ဆိုင်ရာကျောင်းအုပ်ကြီးနဲ့ ဆရာ/မများကလဲ ကျောင်းအလိုက် ဆေးထိုးနှံရန် အကျုံးဝင်တဲ့ ကျောင်းသား/သူတွေအတွက် သက်ဆိုင်ရာ ကျောင်းအုပ်/ဆရာ/မများမှတစ်ဆင့် ကျောင်းသားများ/ ကျောင်းသားမိဘများထံ ဆေးထိုးနှံရမဲ့ နေ့ရက်/အချိန်(မနက်ပိုင်း/မွန်းလွှဲ) စလစ်စာရွက်များ ကို ကြိုတင် ဝေငှထားပေးမှာဖြစ်ပါတယ်။ ကျောင်းသားဦးရေများတဲ့အတွက် GRADE(6) မှ GRADE(9) အထိ တစ်သုတ်နဲ့ GRADE(10)ကနေ GRADE(11)အထိကို တစ်သုတ်ဆိုပြီး မနက်ပိုင်း/နေ့လည်ပိုင်းလို့ ခွဲခြားထားပါတယ်။

မေး    ၊ ဒီလိုကာကွယ်ဆေးထိုးတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ပေးမဲ့အဖွဲ့တွေကို သိချင်ပါတယ်။

ဖြေ    ၊ ကျောင်းအကျိုးဆောင်အဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များဖြစ်ပါတယ်။ ယခင် ဆေးထိုးနှံစဉ်က အတွေ့အကြုံရှိတဲ့ ဆရာ/မတွေကိုလဲ ပူးပေါင်းပေးကြဖို့  စီစဉ်ဆောင်ရွက်ထားပါတယ်။

မေး    ၊ အခု ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်ထားတဲ့အထဲမှာ ကျောင်းဘယ်နှစ်ကျောင်းနဲ့ ကျောင်းသားဦးရေ ဘယ်

လောက်ရှိပါသလဲ။

ဖြေ    ၊ ဟုတ်ကဲ့ ဒီမြို့နယ်ထဲမှာ အထကကျောင်း(၆)ကျောင်း၊ အထက(ခွဲ) (၈)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ အလက(ခွဲ) (၁၂)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၂)ကျောင်းဆိုတော့ စုစုပေါင်း(၄၆)ကျောင်းရှိပါတယ်။ ကျောင်းသား/သူဦးရေ (၃၉၆၃)ဦးကို ထိုးနှံဖို့ စာရင်းရရှိပြီးဖြစ်ပါတယ်။ 

မေး    ၊ အခုလို ကျောင်းသားတွေကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ အမြင် ပီတိစကားလေး ပြောပေးပါအုံးခင်ဗျာ့။

ဖြေ    ၊ ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ဒီလို ကိုဗစ်-၁၉ကာကွယ်ဆေးတွေကို ထိုးနှံပေးတဲ့ နိုင်ငံတော် အကြီးအကဲများ အားလုံးကို လည်းကောင်း၊ ကျနော်တို့ မြို့နယ်ထဲက စီမံခန့်ခွဲရေးအဖွဲ့ကိုလည်းကောင်း၊ မြို့နယ် ဆရာဝန်ကြီးနဲ့ ဆေးထိုးစုရပ်အသီးသီးမှာ ဆေးထိုးနှံပေးတဲ့ဆရာမများကိုလည်းကောင်း၊ ရပ်/ကျေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များကို အထူးပဲ့ကျေးဇူးရှိပါတယ်။ ဒီလို ကာကွယ်ဆေးထိုးနှံပေးလိုက်တဲ့ အတွက် ကြောင့် ကျနော်တို့ ကျောင်းသူ/သားများဟာ ဒီကိုဗစ်ရောဂါမှကင်းလွတ်ကြပီး ကျန်းကျန်းမာမာ ပျော်ပျော် ရွှင်ရွှင်နဲ့ သင်ကြားပေးနိုင်မယ် ဖြစ်တဲ့အတွက်ကြောင့် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူတင်မိပါကြောင်း ပြောကြားလိုပါတယ်။

မေး    ၊ ဆရာကြီးအနေနဲ့ အခြားဖြည့်စွက်ပြောချင်တာရှိရင် ဖြည့်စွက်ပြောကြားပေးပါ။

ဖြေ    ၊ နောင်တစ်ချိန်မှာ နိုင်ငံအတွက်အကျိုးပြုမယ့် ကျောင်းသား/သူတွေအနေနဲ့ ဒီကိုဗစ်ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံပြီးရင် ကျောင်းသား/သူတွေ ကျောင်းတွေမှာ စိတ်ချ

လုံခြုံစွာ ပညာသင်ယူခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ထူးချွန်ထက်မြက်တဲ့ လူချွန်  လူကောင်းလေးတွေ ပေါ်ထွန်းနိုင်ဖို့ အဖက်ဖက်မှကူညီပေးကြပါသော နိုင်ငံတော် အကြီးအကဲများ၊ တိုင်းဒေသကြီးမှ လူကြီးမင်းများ၊ ခရိုင်အဆင့်/မြို့နယ်က တာဝန်ရှိသူများအားလုံး ကျောင်းအကျိုးတော်ဆောင်များ၊ လူမှုရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့မဟုတ်တဲ့သူများ အားလုံးနဲ့ကျောင်းသားမိဘများကို ကျေးဇူးတင်မိပါကြောင်း၊ များစွာဝမ်းသာ ပီတိဖြစ်မိပါကြောင်း နိဂုံးချုပ်ပြောကြားလိုပါတယ်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)