ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ကော့သောင်း၊  အောက်တိုဘာ ၉  

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင်  ကိုဗစ်၁၉ကာကွယ်ဆေးSinopharm အား ရပ်ကွက် အလိုက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီ က  ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ပြည်သူများအား မြို့မအားကစားကွင်း၊ မိုးလုံလေလုံကြက်တောင် အားကစားခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တပ်မတော်ဆေး တပ်ဖွဲ့များ၊ ကော့သောင်းမြို့၊ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက  ထိုးနှံပေးခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက ပထမအကြိမ်အဖြစ် သံဃာတော်နှင့်သီလရှင်များ၊ သက်ကြီး ရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အသက်(၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ယခုတရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး  Sinopharm ဖြင့် အောက်တိုဘာလ ၉ရက်နေ့အထိ လူဦးရေ (၁၂၃၁၅) ဦး အား ကာကွယ်ဆေး(၁)ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

ကာကွယ်ဆေး ထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့်မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ယနေ့ ထိုးနှံပေးသည့်အေးရိပ်ငြိမ်ရပ်ကွက်အတွင်း ဆေးထိုးနှံရန် စာရင်းပေးသွင်းထားသူ(၁၀၀၀၀)ကျော်ခန့်ကို ထိုးနှံပေး ခြင်းဖြစ်ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)