ရေဖြူ အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ရောဂါကူးစက်မှု မရှိပဲ ပညာ သင်ကြားနိုင်ခြင်း၊ ကျန်းမာ ပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင် ခြင်းဖြင့် ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ အသက် (၁၂)နှစ်မှ စတင်ကာ အသက်(၁၈)နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါသီးသန့်ကာကွယ်ဆေးထိုးပေးခြင်း နှင့်ပတ်သက်၍ ရေဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်_
မေး။ ဆရာရှင် ယခု မကြာမီ အသက် (၁၂)နှစ်မှစတင်ကာ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူများကို သီးသန့်ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေကို သိပါရစေရှင်_
ဖြေ။ စတုတ္ထလှိုင်းမဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ယခုလက်ရှိရေဖြူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းနေကလေးများအား ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ကျောင်းအုပ်ကြီးများကတဆင့် မြို့နယ်ပညာရေးမှူးကကြီးကြပ်၍ ကျောင်းသား/သူများ စာရင်း ပြုစုထားပြီးဖြစ်ပါတယ်။ ဇွန်လတုန်းက ကျောင်းအပ်ပြီးတဲ့ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး ထိုးနှံပေးမှာ ဖြစ်ပါတယ်။
မေး။ မြို့နယ် ကိုဗစ် -၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့အနေနဲ့ ဆေးလာထိုးတဲ့ ကျောင်းသား/သူများကို ဘယ်လို ကူညီဆောင်ရွက်ပေးမလဲ သိပါရစေရှင့်။
ဖြေ။ မြို့နယ်အဆင့် ကိုဗစ် -၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအနေဖြင့် ဆေးထိုးဖို့လိုအပ်တဲ့ စုရပ်တွေကို ပြင်ဆင်ခြင်း၊ နေရာထိုင်ခင်းစီစဉ်ပေးခြင်း ၊ ဆေးထိုးသည့်နေ့ရက်များတွင် မလိုလားအပ်သည့်ပြဿနာများ မဖြစ်အောင်လုံခြုံရေးစီစဉ် ဆောင်ရွက်ထားပါတယ်။ ဆေးလာထိုးတဲ့ ကျောင်းသား/သူများ အေးအေးချမ်းချမ်းဖြစ်စေဖို့ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ထားရှိပါတယ်။
မေး။ ဆရာတို့အနေနဲ့ မြို့နယ်အတွင်းရိ ကျောင်းသား/သူများ အခြေအနေမူတည်ပြီး ဆေးထိုးစုရပ်များ စီမံထားရှိပုံကို သိချင်ပါတယ်ဆရာ။
ဖြေ။ ဆေးရောက်ရှိမှုအပေါ်မူတည်ပြီး နောက်တစ်ပတ်မှာ ထိုးပေးနိုင်မယ်လို့ထင်ပါတယ်။ လက်ရှိမှာ အထက်တန်းကျောင်း (၁၅)ကျောင်း၊ အလယ်တန်းကျောင်း(၅၃)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်း (၁)ကျောင်းဖြစ်ပါတယ်။ ကျောင်းအပ်နှံထားရှိတဲ့ ကျောင်းသား/သူ(၁၉၅၆)ဦးကို ဦးစားပေးထိုးနှံပေးမှာဖြစ်ပြီး မြို့နယ်ကို သုံးပိုင်းပိုင်းကာ စုရပ်သုံးခု ဖွဲ့ထားပါတယ်။ မြို့နယ်ရဲ့ မြောက်ဘက်ကျောင်းများအတွက် အ-ထ-က ကလိန်အောင်၊ အနောက်မြောက်ပိုင်းအတွက် အ-ထ-က ကံပေါက် ၊ တောင်ပိုင်းအတွက် အ-ထ-က ရေဖြူဆိုပြီး ဆေးထိုးစုရပ်သုံးခု ဖွဲ့ထားပါတယ်။ စုရပ်(၃)ခုမှာ ဆရာဝန်(၃)ဦး ဦးဆောင် ထိုးနှံသွားမှာ ဖြစ်ပါတယ်။
မေး။ ဆေးအမျိုးအစားကို သိချင်ပါတယ်ရှင်။
ဖြေ။ Sinovac ဆေးအမျိုးအစားဖြစ်ပြီး နှစ်ကြိမ်ထိုးနှံရမှာဖြစ်ပါတယ်။ ဆေးထိုးပြီးသူ စာရင်း VMIS စာရင်းကို ဆရာမ(၆)ဦးနဲ့အတူ မြို့နယ်ထွေအုပ် စာရင်းနည်းပညာအဖွဲ့ ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့တွေကို လက်တွေ့ သင်တန်းပို့ချပြီးဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးဖို့နဲ့ပတ်သက်ပြီး မိဘနဲ့ကျောင်းသားတွေ ပူးပေါင်းပါဝင်မှု ရှိလာအောင် ဘယ်လိုဆောင်ရွက်ထားပါသလဲရှင်။
ဖြေ။ ကာကွယ်ဆေးထိုးဖို့အတွက် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် မိဘတွေ သိအောင် ဆေးထိုးဖို့ ရည်ရွယ်ချက်ကို အသိပညာပေး ပြောကြား နှိုးဆော် ကြေညာသွားမှာဖြစ်ပါတယ်။ ရပ်ကွက် (၈)ခုနဲ့ကျေးရွာအုပ်စု (၃၄)အုပ်စုက ကျောင်းသား မိဘတွေနဲ့ တွေ့ဆုံရှင်းလင်းသွားမှာဖြစ်ပြီး လာမည့် အောက်တိုဘာ (၉)ရက်နေ့မှာ အ-ထ-က ရေဖြူမှာ စီစဉ်ထားပါတယ်။ ကျောင်းအပ်ထားတဲ့ ကျောင်းသားများကို ဦးစားပေး ထိုးနှံသွားမှာဖြစ်ပြီး မှတ်ပုံတင် မရှိလည်း ထိုးပေးမှာပါ။ မိဘအုပ်ထိန်းသူက ဒီကာကွယ်ဆေးထိုးတာကို သဘောတူကြောင်း လက်မှတ်ရေးထိုးရပါမယ်။
မေး။ ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရရှိမယ့် အကျိုးကျေးဇူးနဲ့ မိဘပြည်သူတွေကို ပူးပေါင်းပါဝင်လာအောင် ဆရာ့အနေနဲ့ အကြံပြုတိုက်တွန်းစကားပြောကြားပေးပါဆရာရှင့်။
ဖြေ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ရောဂါကူးစက်မှု (၁၀)ရာခိုင်နှုန်းအောက် လျော့နည်းလာပါပြီ။ စတုတ္ထလှိုင်း မဖြစ်ပေါ်စေရန်အတွက် ကာကွယ်ဆေးထိုးခြင်းမှာ အရေးကြီးပါတယ်။ လူသားအားလုံးနဲ့သက်ဆိုင်ပါတယ်။ ရရှိတဲ့ အခွင့်အရေးနဲ့ ကာကွယ်ဆေးကို အပြည့်အဝ ထိုးနှံထားစေချင်ပါတယ်။ မိဘတွေအနေနဲ့လည်း ကိုယ်ရော ကိုယ့်ကလေးပါ ကာကွယ်ဆေး ထိုးနှံပြီးသွားပြီဆိုရင် မိမိအတွက် မိသားစုအတွက် ပတ်ဝန်းကျင်အတွက် နိုင်ငံတော်အတွက်ပါ ကာကွယ်ပြီးသားဖြစ်လို့ အားလုံးကို ထိုးနှံကြပါလို့ တိုက်တွန်းပါတယ်။
အခုလို စိတ်ရှည်စွာနဲ့ ပြောပြပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- ဖြူဖြူရှိန်