ပခုက္ကူမြို့နယ်တွင် “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင်သုံးရာကျော်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းသုံးရာကျော်ဆောင်ရွက်ပြီးစီး

ပခုက္ကူ အောက်တိုဘာ ၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့ နယ် ဦးစီးမှူးရုံးက “ပန်းခင်း”စီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊စက်တင်ဘာလကုန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင်သုံးရာ ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းသုံးရာကျော် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

“ပန်းခင်း”စီမံချက်ဖြင့် ပခုက္ကူမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ဒေသခံပြည်သူများ၏ အိမ်ထောင် စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှစတင်ကာ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး စက်တင်ဘာလကုန်အထိ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၅၁ ကတ်၊ အသက် ၁၈ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား ၂၅၆ ကတ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(လဲလှယ်)  ၄၃၃ ကတ်၊ ပျောက်ဆုံး၊ပျက်စီးသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား(မိတ္တူ)  ၄၈၉ ကတ်၊ တရားဝင်အိမ်ထောင်စုလူဦးရေစာရင်း ၃၁၃ ခု၊ တရားဝင်ရွှေ့ပြောင်း နေထိုင်ခွင့်ရ      (Mတံဆိပ်ပါ) အိမ်ထောင်စုလူဦးရေစာရင်း ၆၉ ခု၊ စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၂၆ ကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း ၃၈၂ ခုတို့ကို စိစစ်ဆောင်ရွက်ပြီးစီးသောကြောင့် သက်ဆိုင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပြီးဖြစ်ကြောင်း၊  ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ အပြီးသတ်ကွင်းဆင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်မှူး ဦးအောင်မျိုးထွန်းက ပြောသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း”စီမံ ချက်လုပ်ငန်းမှာ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ မည်သည့်ကတ်အမျိုးအစားမျှ ကိုင်ဆောင်ထားခြင်း မရှိသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရန် ကျန်ရှိသူများ၊ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ၂၀၂၂ခုနှစ်၊ဧပြီလ ၁ရက်နေ့အတွင်း တိုးလာမည့်အသက်(၁၈)နှစ်နှင့် အထက်ရှိသူ များ ကို အိမ်ထောင်စုစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်ခွင့် ရရှိနိုင်ရေး တို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)