တောင်ငူ အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်း အသက်(၁၂)အထက် နှင့် အသက် ၁၈ နှစ်အောက် ကျောင်းသား ကျောင်းသူများ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်-
မေး ။ အသက် (၁၂) နှစ်အထက် နဲ့ အသက် ၁၈ နှစ်အောက် ကျောင်းသား ကျောင်းသူများ တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် လက်ရှိစီစဉ်ဆောင်ရွက်နေမှု အခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားစေလိုပါတယ်ရှင့်။
ဖြေ။ လက်ရှိမှာတော့ တောင်ငူခရိုင်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေကို မကြာမီကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းသားဦးရေစာရင်းတွေကို ပြုစုထားရှိပြီးပါပြီ။ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံဖို့ တောင်ငူခရိုင် အတွင်းမြို့နယ် ခြောက်မြို့နယ် က ကျောင်းအပ်နှံထားတဲ့ပြုစုထားရှိတဲ့ စာရင်းအရ အသက် ၁၂ နှစ် အထက် နှင့် အသက် ၁၈ နှစ်အောက် ကျောင်းသား ကျောင်းသူ ၅၄၅၁၅ ဦးကို ကနဦး ထိုးနှံပေးဖို့ လျာထားပါတယ်။ ဒီလို ကာကွယ်ဆေးထိုးနှံပေးမှုတွေကြောင့် ကျောင်းသား ကျောင်းသူတွေဟာ ကျောင်းဖွင့်ရာသီမှာ စိုးရိမ်စိတ်မရှိပဲ လုံခြုံစိတ်ချစွာ ပညာသင်ယူနိုင် တော့မှာပါ။
မေး။ တောင်ငူခရိုင်အတွင်းမှာ ဆေးထိုးစုရပ်အဖြစ်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြား စေလိုပါတယ်ရှင့်။
ဖြေ။ ခရိုင်အတွင်းမှာ မြို့နယ်ခြောက်မြို့နယ်ရှိပါတယ်။ ဆေးထိုးစုရပ်အနေဖြင့် တောင်ငူ မြို့နယ်မှာတော့ အ.ထ.က (၁ ၊ ၂ ၊ ၅ ၊ နတ်စင်ကုန်း ၊ ကေတု ၊ ကျေးအင်းထုံးဘို၊ လေးမိုင်နဲ့ အ.ထ.က (ခွဲ) စပါးကြွယ်၊ အ.လ.က (ညောင်စခန်း) ၊ ရေတာရှည်မြို့နယ်မှာတော့ အ.ထ.က (ရေတာရှည်၊ ဆွာ ၊ သာဂရ၊ မြို့လှ၊ ရေနီ) ၊ ထန်းတပင်မြို့နယ်မှာတော့ အ.ထ.က (ထန်းတပင်၊ ဇရပ်ကြီး ၊ လှည်းလမ်းကူး ၊ မြို့စိုး) ၊ အုတ်တွင်းမြို့နယ်မှာတော့ အ.ထ.က (ထန်းကုန်း၊ အုတ်တွင်း၊ ကျွဲပွဲ ၊ ညောင်ခြေထောက်) ၊ ဖြူးမြို့နယ်မှာတော့ အ.ထ.က (၁) (ဖြူး ၊ ကညွှတ်ကွင်း ၊ ဝဲကြီး ၊ ညောင်ပင်သာ၊ ဇေယျဝတီ) နဲ့ အ.ထ.က (ခွဲ) ကျော်လှကြီး)၊ ကျောက်ကြီးမြို့နယ်မှာတော့ အ.ထ.က(ကျောက်ကြီး ၊ မုန်း ၊ နတ်သံကွင်း) တို့မှာ ဆေးထိုး စုရပ်အဖြစ် စုစုပေါင်း (၃၁) ခုကို စီစဉ် ဆောင်ရွက်ထားပြီးပါပြီ။ ဆေးထိုးစုရပ်အသီးသီးမှာ စုစုပေါင်း ဆေးထိုးအဖွဲ့ (၃၁)ဖွဲ့နဲ့အတူ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး လာရောက်ထိုးနှံမည့် ကျောင်းသား ကျောင်းသူတွေကို စနစ်တကျထိုးနှံနိုင်ဖို့ ဆောင်ရွက် သွားမှာပါ။
မေး။ ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ အသိပေးနှိုးဆော် ဆောင်ရွက် ထားရှိကြောင်းကို ရှင်းလင်းပြောကြားစေလိုပါတယ်ရှင့်။
ဖြေ။ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေကို ကျောင်းသား ကျောင်းသူတွေအတွက် ထိုးနှံ ပေးတော့မယ်ဆိုတော့ အရင်ဆုံး မြို့နယ်အလိုက် ပညာရေးမှူးတွေနဲ့ ညှိနှိုင်းဆွေးနွေး ပါတယ်။ လိုအပ်တဲ့စာရင်းတွေပြုစုကြဖို့ မြို့နယ်တွေက သက်ဆိုင်ရာ ကျောင်းအုပ်တွေထံ အကြောင်းကြားထားပါတယ်။ မိမိတို့မြို့နယ်မှာရှိတဲ့ ကျောင်းအုပ်တွေက အတန်းပိုင် ဆရာ ဆရာမတွေထံ ကျောင်းသား ကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံကြဖို့ နှိုးဆော် အသိပေးမှု ကို အုပ်ထိန်းသူ မိဘတွေ သိရှိအောင် တစ်ဆင့် အကြောင်းကြားထားပါတယ်။ အုပ်ထိန်းသူ မိဘတွေကိုယ်တိုင်ကလည်း မိမိတို့ရဲ့ သားသမီးတွေကို ယခုလို ကာကွယ်ဆေးထိုးနှံခွင့် ရနေချိန်မှာ ထိုးနှံပေးကြဖို့ကိုလည်းလိုအပ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးနှံခွင့် မရသေးသည့် ကျောင်းသား ကျောင်းသူအုပ်စုများကိုလည်း ပြောကြားစေလိုပါ တယ်ရှင့်။
ဖြေ။ ကာကွယ်ဆေးထိုးနှံမှု မပေးသည့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ကတော့ အသက် ၁၂ နှစ် ပြည့်မှီမှု မရှိသူတွေ၊ ဓာတ်မတည့်သူတွေ၊ သွေးဥမွှာလျော့နည်းသူတွေနဲ့ သွေးမတိတ် လက္ခဏာရှိသူတွေ ၊ ခန္ဓာကိုယ်ခုခံအားစနစ်နည်းပါးသူတွေ ၊ ဆီးချိုရောဂါ ၊ အတက်ရောဂါ ၊ ဦးနှောက်အာရုံကြောရောဂါ တစ်ခုခု ရှိသူတွေကိုတော့ ကာကွယ်ဆေး ထိုးနှံ ပေးမှာ မဟုတ်ပါဘူး။
မေး။ ကာကွယ်ဆေးထိုး လာရောက်ထိုးနှံမည့်ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်သွားရမည့် အချက်များကို ပြောကြားစေလိုပါတယ်ရှင့်။
ဖြေ။ အဓိက ကာကွယ်ဆေးထိုးနှံမည့်နေရာမှာ စနစ်တကျရှိဖို့လိုပါတယ်။ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်သွားမှာပါ။ လာရောက် ထိုးနှံမည့် သူတွေအနေနဲ့ကလည်း မိမိကိုယ်မိမိ ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ၆ ပေ အကွာမှာနေမယ် ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ကြမယ်ဆိုရင် လူစုပြုံမှုတွေ မဖြစ်တော့ပဲ စိတ်အေးချမ်းသာစွာ ဆေးထိုးနှံနိုင်တော့မှာပါ။
မေး။ ဆရာမကြီးအနေဖြင့် ထပ်မံဖြည့်စွက်ပြောကြားလိုသော အချက်များရှိပါကပြောကြား ပေးစေလိုပါတယ်ရှင့်။
ဖြေ။ ကာကွယ်ဆေးထိုးနှံပေးတဲ့အချိန်မှာ ကျောင်းသား ကျောင်းသူတွေအားလုံး ထိုးစေ ချင်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါရဲ့ ဆိုးကျိုးတွေကိုလည်း မျက်ဝါးထင်ထင်မြင်တွေ့ ခဲ့ကြပြီးပါပြီ ။ ဒါကြောင့်မို့ မိဘတွေ ကိုယ်တိုင်က မိမိတို့ရဲ့ သားသမီးတွေကို ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံပေးဖို့ တိုက်တွန်း ပြောကြားစေလိုပါတယ်။ ဒီလိုမျိုး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ စိုးရိမ်စိတ်ကင်းပြီး လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်တော့ မှာ ဖြစ်ပါတယ်။ ကျောင်းများကိုလည်း အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်တော့မှာဖြစ်လို့ ပညာ သင်ယူမှု အခွင့်အလမ်းများ ရရှိနှိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီကာကွယ်ဆေးကို ထိုးနှံကြဖို့ မိဘအုပ်ထိန်းသူတွေကို မေတ္တာရပ်ခံပြောကြားချင်ပါတယ်။
ယခုလိုဖြေကြားပေးခဲ့တဲ့ ဆရာမကြီးကို ကျေးဇူးတင်ပါတယ်ရှင့်။
တွေ့ဆုံမေးမြန်းသူ - စမ်းစမ်းအေး