ခါမ်းပါတ် အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ထင်းဇင်ရွာသစ်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးသည်သာ ဒေသခံများအတွက်အ ဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည်။ ကျန်သည့်ဥယာဉ် ခြံမြေစိုက်ပျိုးခြင်းကို စီးပွားဖြစ်လုပ်ကိုင်သူ မရှိသလောက်သာဖြစ်သည်။
ယခုအချိန်တွင်မူ မျက်စိပွင့်နားပွင့်လာကြသော ဒေသခံအချို့သည် ဥယျာဉ် ခြံစိုက်ပျိုးခြင်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြပြီဖြစ်သည်။
ယနေ့တွင်မူ ငှက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးရောင်းချနေသည့် ဦးရန်နိုင်ထွန်းကို ယခုလိုဘဲ သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး....ဟုတ်ကဲ့ အစ်ကို့နာမည်လေး မိတ်ဆက်ပေးပါဦးဗျ။
ဖြေ....ကျွန်တော့နာမည်ကတော့ ကိုရန်နိုင်ထွန်းလို့ ခေါ်ပါတယ်။
မေး....အခု အစ်ကိုစိုက်ထားတဲ့ ငှက်ပျောက ဘာငှက်ပျောပါလဲဗျ၊ပြီးတော့ အပင်ရေဘယ်လောက် စိုက်ထားတယ် ဆိုတာလေး ပြောပြပေးပါဦး။
ဖြေ.... ဒါကတော့ ဘရာဇီးသီးမွေး မျိုးဖြစ်ပါတယ်။မျိုးကတော့ နေပြည်တော်ကနေ မှာယူစိုက်ပျိုးထား တာဖြစ်ပါတယ်။ အပင်က နောက်ထပ်တိုးစိုက်ထားတာနဲ့ဆို (၈၂၀၀)ရှိသွားပါပြီ။စိုက်ပြီး (၇)လ(၈)လဆို အခိုင်စကျပါပြီ။
မေး....ဟုတ်ကဲ့ သည်ငှက်ပျောစစိုက်ဖြစ်သွားတဲ့ စိတ်ကူးလေးလည်း ပြောပြပေးပါဦးဗျ။
ဖြေ....ကျွန်တော် သည်ငှက်ပျောစစိုက်ဖြစ်တာ နှစ်နှစ်မပြည့်သေးပါဘူး။ ပထမ သည်နေရာဘဲ အခြားရာသီသီးနှံ တော်တော်များများ စိုက်ဖူးပါတယ်။ ငှက်ပျောစစိုက်ဖြစ်တာက သည်ကောင်က ဝယ်လက်ကောင်းတယ်၊ ပွဲစားကလည်း ခြံအရောက်လာဝယ်တယ်၊ပြီးတော့ ဒေသတွင်းစျေးကွက်ကလည်း အားကောင်းတယ်။ဒါကြောင့် စိုက်ဖြစ်သွားတာပါ။
မေး....လက်ရှိမှာ သည်ငှက်ပျောခြံရဲ့ အသီးအပွင့်တွေကို စားသုံးနေရပြီဆိုတော့
အစ်ကို တကယ်မျှော်မှန်းထားတဲ့ စျေးကွက်နဲ့ လက်ရှိရောင်းချနေရတဲ့ စျေးကွက်အခြေအနေလေး ပြောပြပေးပါဦးဗျ။
ဖြေ....စျေးကတော့ မျှော်မှန်းထားတာနဲ့စာရင် တော်တော်လေးကွာပါတယ်။အရင်တုန်း က အလုံးလှရင် တစ်လုံးကို ခုနှစ်ဆယ် ရှစ်ဆယ်ရတယ်။ခုတော့ တစ်ရာဖိုး(၃)လုံး အဲသည်လိုဘဲရတယ်။ကိုယ်တိုင် သွားသွင်းနိုင်ရင်တော့ တစ်လုံး(၅၀)နှုန်းရပါတယ်။ ဝယ်လက်ကတော့ ပုံမှန်ရှိတော့ အဆင်ပြေပါတယ်။
မေး....သည်ငှက်ပျောစိုက်ပျိုးခြင်းကနေ အစ်ကိုတို့မိသားစု စီးပွားရေးအတွက် ဘယ်လောက်ထိ အထောက်အကူ ဖြစ်စေပါသလဲဗျ။
ဖြေ....အဲဒါ ပြောရမယ်ဆိုရင်တော့ အတော်လေး အထောက်အကူဖြစ်စေပါတယ်။
သည်ကာလမှာ သားတက်တွေလဲရောင်းရတယ်။အသီးလဲရောင်းရတယ်ဆိုတော့...
ပြီးတော့ သည်ငှက်ပျောပင်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို တိရစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးချသလို စိုက်ခင်းအတွက်လည်း မြေသြဇာအဖြစ် ပြန်လည်အသုံးချရတာမို့ အများကြီး အထောပ်အကူဖြစ်စေပါတယ်။
မေး....ဟုတ်ကဲ့ပါ.နောက်ဆုံးအနေနဲ့ စိုက်ပျိုရေးနဲ့ပတ်သက်လို့ဘဲဖြစ်ဖြစ် စျေးကွက်နဲ့ ပတ်သက်လို့ဘဲဖြစ်ဖြစ် အစ်ကို အကြံပြုပြောချင်တာလေးရှိရင် ပြောပြပေးပါဦး။
ဖြေ....ကျွန်တော် စျေးကွက်နဲ့ သွင်းအားစုနှစ်ခုကို ပြောချင်ပါတယ်။ စျေးကွက်အနေနဲ့ပြောရမယ်ဆိုရင် ဘယ်ဒေသမှာဘဲ စိုက်စိုက်ပေါ့.. လူတွေရဲ့လိုအပ်ချက်နဲ့ ပိုမိုစားသုံးနိုင်မယ့်ဟာကိုဘဲ ရွေးချယ်စိုက်ပျိုးစေချင်ပါတယ်။ နောက် သွင်းအားစုအနေနဲ့ပြောရမယ်ဆိုရင် သည်ခေတ်ကာလကြီးမှာ မြေဆီမြေသြဇာက တော်တော်စျေးကြီးတယ်။ ဒါကြောင့် သွင်းအားစုကို ချွေတာနိုင်မှ အဆင်ပြေနိုင်မယ်။ဒါကြောင့် ကိုယ်ကိုတိုင် မြေဆီဖော်စပ်သုံးစွဲပါ။ဒါမှသာ အကျိုးအမြတ်ကျန်မှာဖြစ်ပါတယ်။ လူမချမ်းသာရင်တောင် စိတ်တော့ချမ်းသာပါလိမ့်မယ်..။ ဟုတ်ကဲ့..အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ.။
သားငယ်(ခါမ်းပါတ်)