မအူပင် အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာ သင်ကြားလျက်ရှိသော အသက်(၁၂)နှစ် အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်- ၁၉ ကာကွယ်ထိုးနှံနိုင်ရန် ဆောင်ရွက်ထား ရှိမှု အခြေအနေ များနှင့် ပတ်သက်၍ မြို့နယ် ပညာရေးမှူးနှင့် ယခုလိုပဲ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
မေး။ ဆရာမကြီး၏ အမည်နှင့်တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။
ဖြေ။ကျွန်မနာမည်ကတော့ ဒေါ်စန်းယုမော်ဖြစ်ပါတယ်။ မအူပင်မြို့နယ် ပညာရေးမှူး ဖြစ်ပါတယ်။
မေး။ ဆရာမကြီးတို့ရဲ့ အထက်တန်း/အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါ တယ်ရှင့်။
ဖြေ။ မအူပင်မြို့နယ်မှာဆိုရင်R H Cအရဆေးထိုးစုရပ်(၁၅) ဖွဲ့ခွဲထားပြီး (ထက် ၊လယ်၊ လ(ခွဲ)၊ မူလွန်)ကျောင်း ၉၃ကျောင်းကိုဆေးထိုးနှံဖို့ ဆောင်ရွက်ထားပါတယ် ကျောင်းအလိုက်ကျောင်းသား/ ကျောင်းသူ များနှင့် ကျောင်းသားမိဘများ၏ သဘောထားကိုရယူ နိုင်ရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော
အထောက်အကူပြု အဖွဲ့များက အသိပေးနှိုးဆော်ထားပြီးဖြစ်ပါတယ် ကျောင်းအုပ်ကြီးနှင့်ဆရာ/ ဆရာမများကလည်း အသိပညာပေး ဆွေးနွေးထားပြီးဖြစ်ပါတယ် ၁၂နှစ်ပြည့်ပြီး သူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်အောင် ကျန်းမာရေး ဌာနဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကြိုတင်ဆောင်ရွက်ထားပါတယ်။
မေး။ ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် စုရပ် နေရာလေးသိချင်ပါတယ်ရှင်။
ဖြေ။ မအူပင်မြို့နယ်မှာကိုဗစ် ကာကွယ်ဆေးထိုးရန် စုရပ်နေရာများကတော့ မြို့မအုပ်စုအ.ထ.က(၁)၊ ကျုံစုတ်(မူလွန်)၊ စစ်ချောင်း အ.ထ.က၊ထရော်ကြီး အ.ထ.က၊လယ်ကိုင်း အ.ထ.က၊ထနီး အ.ထ.က၊ငါးဖယ်အို အ.ထ.က(ခွဲ)ကဝက္ကင်း အ.ထ.က(ခွဲ)၊ကျောင်းရွာ အ.ထ.က၊မလက်တို အ.ထ.က၊ လေးအိမ်စု အ.ထ.က၊ ကျွဲဒုံး အ.ထ.က၊ရွှေတောင်မှော် အ.ထ.က၊လက်ပံကုန်း အ.ထ.က၊ရေလဲ ကလေး အ.ထ.က တို့ဖြစ်ပါတယ်။
မေး။ ဆေးထိုးရန် လျာထားသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေလေး သိပါရစေရှင်။
ဖြေ။ ဆေးထိုးရန် လျာထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ အလယ်တန်းအဆင့် (G6၊G7၊G8၊G9) (၁၀၈၇၁)ဦး၊ အထက်တန်းအဆင့် (G10၊G11) (၃၃၄၁)ဦး၊ ကိုယ်ပိုင်အထက်တန်းကျောင်းသားအလယ် တန်း(၁၂၄)ဦး၊အထက်တန်း(၂၀၀)ဦး စုစုပေါင်း (၁၄၅၃၆)ဦး ဖြစ်ပါတယ်။
မေး။ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဆိုတော့ ဆရာမကြီး အနေဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိပါရစေရှင်။
ဖြေ။ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်များ၊ စာသင်ခန်းများ၊ သိပ္ပံခန်း၊ Labခန်း၊ စာကြည့်တိုက်များနှင့် ကျောင်းဝန်း/ ပြင်သန့်ရှင်းရေးများဆောင်ရွက်ထားပါသည်။ COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် COVID-19 စည်းကမ်းများကို လိုက်နာ ဆောင်ရွက်နိုင်ရန်ပိုစတာများ၊ ဗီနိုင်းများ ချိတ်ဆွဲပြီး အသိပေးနှိုးဆော်ထားပြီးဖြစ်ပါတယ်။ ကျောင်းသုံးပုံနှိပ်၊ ဗလာ၊ခဲတံ၊ ဘော့ပင်များ၊Maskများ၊Face Shield များ ဖြန့်ဝေပေးထားပြီး စာသင်ကြားနိုင်အောင် အသင့်အနေ အထားအထိ ဆောင်ရွက်ထား ပြီးဖြစ်ပါတယ်။
မေး။ ကျောင်းတွေဖွင့်တဲ့အခါမှာမြို့နယ်အတွင်းရှိဆရာ/ဆရာမတွေအားလုံး ကိုဗစ် ကာကွယ် ဆေး ထိုးနှံထားပြီး ပါသလားရှင့်။
ဖြေ။ ကိုဗစ် ကာကွယ်ဆေးထိုးပြီးသူ ၉၇ ရာခိုင်နှုန်းရှိပြီး ထိုးနှံရန် ကျန်သူ ၃ ရာခိုင်နှုန်းရှိနေပါတယ်။
မေး။ ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား/ကျောင်းသူများ၊ မိဘများက မည်သို့ လိုက်နာရန်လိုပါသလဲ ဆရာမကြီးရှင့်။
ဖြေ။ ကိုဗစ် ကာကွယ် ဆေးမထိုးနှံပေးရမည့် ကျောင်းသား/ ကျောင်းသူများမှာ အသက်၁၂နှစ် မပြည့်သေး သူများ၊ Sinovac ကာကွယ်ဆေး(သို့မဟုတ်) ကာကွယ်ဆေးတွင် ပါဝင်သည့် ဓာတ်ပစ္စည်း တစ်ခုခုနှင့် ဓာတ်မတည့်သောသူများ၊ လတ်တလောဖျားနာနေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆီးချိုရောဂါ၊ အတက်ရောဂါ၊ ဦးနှောက် အာရုံကြော ရောဂါတစ်ခုခုရှိသူများနှင့် မိသားစုဝင်များတွင်ထိုရောဂါ
ရှိသည့်ကျောင်းသား/ ကျောင်းသူများ၊ သွေးဥမွှားလျော့နည်းသူများ၊ သွေးမတိတ်ရောဂါရှိသူများ နှင့်အခြား
သွေးရောဂါရှိသူများ၊ ခန္တာကိုယ်ခုခံအားစနစ်အားနည်းနေသူများအား မထိုးပေးရပါဘူး။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို နိုင်ငံတော်ကကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကို ပြောကြားပေးပါရှင့်။
ဖြေ။ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးက ကျောင်းသား/ ကျောင်းသူများ ရောဂါကင်းဝေး ကျန်းမာပြီး ပညာသင်ယူခွင့် ရရှိစေချင်တာပါ။
မေး။ ဆရာမကြီးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။
ဖြေ။ ကျောင်းသား/သူများ အားလုံးအသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးခွင့်ရသူတိုင်းဆေးထိုးကြရန် (COVID- 19) ကာကွယ်ဆေး၏ အကျိုးသက်ရောက်မှုကိုသိရှိပြီး COVID-19 ကပ်ရောဂါဘေးမှ ကင်းဝေးကြစေရန် ဆန္ဒပြုပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာမကြီးရှင့်
ကျေးဇူးတင်ပါတယ်ရှင့်။
ခရိုင်ပြန် / ဆက်(မအူပင်)