မြိုင်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းနိုင်ရေးအစည်းအဝေး ကျင်းပ

မြိုင် ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု /ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်မီ ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေး ကျင်းပခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် မြို့နယ်အတွင်းရှိ နိုင်ငံရေး ပါတီများဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ညီညွှတ်သော ဒီမိုကရက်တစ် ပါတီတို့က ပါတီကိုယ်စားလှယ်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

အောင်ကျော်မိုး(ပြန်/ဆက်)