ပုသိမ် အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာလအတွင်း အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးရာတွင် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြားရှိ အသက်အရွယ်များကို ထိုးနှံပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းလေးသောင်း ကျော်ရှိပြီး ဆေးထိုးစုရပ် ၃၁၃ နေရာ၊ ဆေးထိုးအုပ်စုအဖွဲ့ ၂၄၀ နှင့် တပ်မတော်ဆေးတပ်ဖွဲ့မှအဖွဲ့ ၁၃ ဖွဲ့က ပူးပေါင်း၍ ရေလမ်းခရီးနှင့် ဝေးလံသည့်နေရာများသို့ သွားရောက်၍ ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသူ၊ ကျောင်းသားများကို ထိုးနှံပေးမယ့်ဆေးသည် Sinovac vaccine အမျိုးအစားဖြစ်ပြီး ကလေးများကို ၄ ပတ်ခြား ၂ ကြိမ်ရအောင် ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။ ကာကွယ် ဆေးမထိုးမီ မနက်ပိုင်းတွင် ဆေးထိုးမည့် ကလေးများအနေဖြင့် အစားအသောက်ကို ပြည့်ဝစွာ စား သောက်ရန်လိုအပ်ကြောင်းနှင့် ဆေးထိုးစုရပ်နေရာများသို့ အုပ်ထိန်းသူမိဘများပါ အတူလိုက်ပါနိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်ကျင့်သုံးနေထိုင်သွားရန် လိုအပ်ကြောင်းကို တိုင်းဒေသကြီး ကုသ ရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက ထပ်မံအသိပေး ပြောကြားပါသည်။
တိုင်းပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်က“ပညာရေးဌာနအနေဖြင့် ကျောင်းသား စာရင်းများပြုစုခြင်း၊ ကျောင်းသားမိဘများ၊ ကျောင်းအသီးသီးတွင်ရှိကြသည့် ကျောင်းအကျိုးတော် ဆောင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းပြီး ကလေးများအား ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရန် ကြိုတင်ဆွေးနွေး အသိပေးပြီးဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးသည့် လုပ်ငန်းသည် မိဘ၊ ဆရာ ပူးပေါင်းပါမှ ကလေးများအားလုံးကို လွှမ်းခြုံနိုင်မည်ဖြစ်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်သည့် အချိန်တွင်လည်း မိမိတို့၏ ကလေးငယ်များကို ဘေးကင်းလုံခြုံစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မပျက်မကွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံ ပေးကြရန် တိုက်တွန်းနိူးဆော်လိုပါကြောင်း” ကာကွယ်ဆေး ထိုးနှံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ပြောကြားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းလေးသောင်းကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည့်ဝစွာထိုးနှံနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ကော်မတီများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ဆေးထိုးသည့် လုပ်ငန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေး စီမံထားရှိကြောင်း သိရပါသည်။
ခင်စန္ဒာဆွေ(ပြန်/ဆက်)