မကွေး အောက်တိုဘာ ၈
မေး။ အသက်(၁၂)နှစ်အထက်ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးဖို့ ပညာရေးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်မှုအခြေအနေလေးတွေကို သိပါရစေရှင့်။
ဖြေ။ ကျွန်မကတော့ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှာ ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်နေတဲ့ ဒေါက်တာချိုချိုမြတ်အောင်ဖြစ်ပါတယ်၊ အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုရဲ့အောက်မှာ ကျွန်မတို့ ပညာရေးဝန်ထမ်းတွေအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ အဲလိုဆောင်ရွက်တဲ့ အပိုင်း မှာ ကျောင်းမှာရှိတဲ့ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူတွေ ကျောင်းအပ်ထားတဲ့ အခြေအနေအရ၊ ကျောင်းတက်မှုအခြေအနေအရ ကျောင်းသူ/သားတွေရဲ့ အမည်စာရင်းတွေ၊ သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကျောင်းဝင် မှတ်ပုံတင်(ခ)စာရင်း၊ ကျောင်းအပ်နှံမှုစာရင်းတွေ အားလုံးရှိပါတယ်။ အဲဒါတွေကို (Excel) ဇယားနဲ့ ကျောင်းသား/သူ စာရင်းအားလုံး၊ အခြေခံပညာ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေ့ရဲ့စာရင်း တွေကို ကောက်ယူပြုစု နေပါတယ်။ အဲဒီလို စာရင်း ကောက်ယူပြုစု ထားတဲ့အတွက်ကြောင့် ကာကွယ်ဆေးထိုးနှံတဲ့အခါမှာ ကျောင်းသား/သူတွေရဲ့ Data အချက်အလက် တွေ့ကို ကောက်ယူပြစု ထားပြီး ဖြစ်သလို၊ ကာကွယ်ဆေးထိုးနှံ့ပြီးတဲ့ အချိန်မှာ V- maxis System ထဲကို ဖြည့်သွင်းတဲ့အခါမှာလည်း အလွယ်တကူ ဖြည့်သွင်းနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ကြိုတင်စီစဉ် နေပါတယ်။ မြို့နယ်အလိုက် မှာဆိုရင်လည်း မြို့နယ်အဖွဲ့ တွေနဲ့ အားလုံးပေါင်းစပ်ညှိနှိုင်းပြီးတဲ့အခါမှာ မြို့နယ်အလိုက်မှာရှိတဲ့ ကျောင်းသားဦးရေပေါ်မှာ မူတည်ပြီးတော့ ကာကွယ်ဆေး ထိုးဖို့ နေရာ၊ ကြီးကြပ်သူအဖွဲ့ ဘယ်လိုဖွဲ့မယ်၊ ဆေးထိုးတဲ့အဖွဲ့ ဘယ်လိုထိုးမယ် စသဖြင့် စီမံချက်ရေးဆွဲပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
မေး။ နောက်တခုက မကွေးတိုင်းဒေသကြီးအတွင်းမှာ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ ဦးရေ သိပါရစေ။
ဖြေ။ လက်ရှိအခြေအနေအရ အလယ်တန်း၊ အထက်တန်း ကျောင်းအပ်နှံမှု၊ ကျောင်းတက် ရောက်မှု အခြေအနေအရ၊ ကျောင်းအပ်နှံမှု အနေနဲ့ (၁၁၈၀၈၃) ဦးရှိပြီး၊ ကျောင်းတက်ရောက်မှု အခြေအနေ အရ (၈၉၃၆၂) ဦး ရှိပါတယ်။
မေး။ ကာကွယ်ဆေးထိုးနှံပေးမယ့် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေစာရင်း မကျန်အောင် ကျောင်းအလိုက် ဆောင်ရွက်ထားတာလေးတွေကို ဖြည့်စွက်ပြီး ပြောကြားပေး ပါဦးရှင့်။
ဖြေ။ အခုကျောင်းအပ်နှံထားတဲ့စာရင်းကို အခြေခံပြီး ပြုစုထားပါတယ်။ အဲဒါအပြင် ညွှန်ကြား ချက်အရ နိုင်ငံတော်အစိုးရက အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို မိသားစု အတွက်ပါ လုံခြုံအောင် ဆောင်ရွက်ပေးတဲ့ နေရာမှာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိတဲ့ ကျောင်းသား/သူတွေကို ကျောင်းဖွင့်ရင်လဲဆက်လက်ပြီး ကာကွယ်ဆေး ထိုးနှံပေးသွား မယ့် အခြေအနေရှိပါတယ်။ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ ဆရာ/ဆရာမတွေက ဒေသမှာရှိတဲ့ အုပ်ချုပ်ရေးတွေ၊ ကျောင်းသား/သူ၊မိဘတွေ၊ မိဘဆရာအသင်းအဖွဲ့တွေနဲ့ အားလုံးညှိနှိုင်းပြီး ကျောင်းသား/သူမိဘများကို ကြိုတင်အသိပေးပြီးတော့ စာရင်းမကျန်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ဆင်ဆောင်ရွက်နေပါတယ်။
မေး။ ဆရာမကြီးအနေနဲ့ အသက် (၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြီးတော့ ပြောချင်တာရှိရင် ပြောကြားပေးပါဦးရှင့်။
ဖြေ။ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယခင်နားလည်ထားတာက အသက်(၁၈)နှစ်အထက် ကို ကာကွယ်ဆေးထိုးရတယ်လို့ သိထားပါတယ်။ သို့သော်လည်း ယခုလက်ရှိအခြေအနေမှာ နိုင်ငံတကာမှာလည်း လေ့လာကြည့်တဲ့အခါမှာ နိုင်ငံကြီးတွေရော၊ အိမ်နီးချင်းနိုင်ငံတွေမှာရောပါ ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေးတွေ အသီးသီးထိုးနှံပေးနေပါပြီ။ ကျွန်မတို့ နိုင်ငံမှာလည်း အခုလို ကျောင်းတွေပြန် လည်ဖွင့်လှစ်နိုင်ဖို့အတွက် ကိုဗစ်-၁၉ကာကွယ်ဆေးတွေ ထိုးနှံပေးနိုင်ရေးလုပ်ငန်းတွေ လုပ်နေရတဲ့အတွက် ကျေနပ်မိပါတယ်။ ကျွန်မအနေဲ့ ကျောင်းသား/သူ မိဘအုပ်ထိန်းသူတွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့ သား/သမီးများကို နိုင်ငံတော်အစိုးရက ကိုဗစ်ကာကွယ် ဆေးတွေ အခမဲ့ထိုးနှံပေးတဲ့ အစီအစဉ်ကို ဆောင်ရွက်တဲ့အနေအထားမှာ မိမိတို့မိသားစု၊ မိမိတို့ပတ်ဝန်းကျင်ကို ကျန်းမာရေးအသိရှိရှိနဲ့ ရောဂါကာကွယ်နိုင်ဖို့အတွက် အားလုံးပူးပေါင်း ပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။