နာဂဒေသ၊ ပန်ဆောင်မြို့၊ နာယန်းကျေးရွာ၌ ဘောလုံးကွင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပန်ဆောင် အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ဝပ်ထမ်းကျေးရွာ အုပ်စု၊ နာယန်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေနှင့် ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သော ကျေးရွာဘောလုံးကွင်းဖွင့်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့  နံနက် ၉ နာရီက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နန်းယွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘားမန်း၊ နန်းယွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဌေး၊ နန်းယွန်းမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် နာယန်းကျေးရွာရပ်မိ၊ ရပ်ဖ ဦးဂန်‌ယောတို့က ဘောလုံးကွင်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ဝပ်ထမ်းကျေးရွာအုပ်စုအုပ်ချုပ်မှူးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး နန်းယွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘားမန်း က အမှာစကား‌ပြောကြားသည်။

ထို့နောက် နန်းယွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးရာဌေးမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာဘောလုံးကွင်းအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ(၆၆)သိန်းနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ(၆၆)သိန်း စုစုပေါင်းငွေကျပ် (၁၃၂)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ကျေးရွာသူ၊ ရွာသားများကလည်း မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ယခုလို တက်ညီ လက်ညီ ကြိုးစား အားထုတ်မှု‌ကြောင့် ကျေးရွာအဆင့်မှီ အားကစားကွင်းကြီးကို‌ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်‌ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် နာဂရိုးရာ အကပဒေသာများဖြင့် အခမ်းအနားကို ဖျော်ဖြေတင်ဆက်ပြီး နန်းယွန်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အားကစားပစ္စည်းများပေးအပ်ရာ  နာယန်းကျေးရွာ ရပ်မိ၊ ရပ်ဖ ဦးဂန်ယောက လက်ခံရယူပြီး ဘောလုံး၊ ခြင်းလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အသင်းများအား ဆုများကိုလည်းကောင်း၊ ဘောလုံးကွင်းသစ် ဖွင့်ပွဲသို့ ကြွရောက်ချီးမြှင့်လာကြသော ဌာနဆိုင်ရာအကြီးအကဲများအား အမှတ်တရလက် ဆောင်ပစ္စည်းများကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး နာယန်းကျေးရွာ သိက္ခာတော်ရ ဆရာကြီး ဦးရိန်ကျမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေမိုး/ဂျာယော်(ပြန်ဆက်)