ပေါက်မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် တစ်ဧက တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး စံပြကွက်များ ရွေးချယ်စိုက်ပျိုးထားရှိ

ပေါက် အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ တစ်ဧက  တင်း ၁၀၀နှင့်အထက် ထွက်ရှိရေး စံပြကွက် ဧက ၃၀ ကိုရွေးချယ်ပြီး စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးစပါး တစ်ဧကတင်း ၁၀၀နှင့်အထက် ထွက်ရှိရေးအတွက် ပေါက်မြို့နယ်တွင် ကျေးရွာ ၃ ရွာမှ တောင်သူ ၂၇ ဦး၏ ဧက ၃၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိပြီး လိုအပ်သောသွင်းအားစုများ၊ စိုက်ပျိုး စရိတ်များ ထောက်ပံ့ပေးအပ်ကာ မိုးစပါးတင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး ဆောင် ရွက်ခြင်း ဖြစ်သည်။

ဒီနှစ် မိုးစပါးစံပြကွက်များ စိုက်ပျိုးရာမှာ တစ်ဧက တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေးအတွက် တောင်သူတွေကို မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရန်၊ ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲ တတ်စေရန်၊ ပေါင်းမြက်များ အချိန်မီနှိမ်နင်းရန်၊ ကင်းထောက် မှတ်တမ်းယူပြီး ပိုးမွှားရောဂါကြိုတင် ကာကွယ် နှိမ်နင်းရန်၊ ရေသွင်းရေထုတ်မှန်ကန်ရန်၊ စိုက်ပျိုးရေချွေတာသုံးစွဲရန်၊သဘာဝမြေဩဇာ၊ သဘာဝပိုး သတ်ဆေးများ ပြုလုပ်သုံးစွဲရန် စတဲ့နည်းပညာတွေကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များက တောင်သူနည်း ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပါတယ်ဟု မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းကိုက ပြောသည်။

 စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ စိုက်နည်းများကောင်း မွန်မည်ဆိုပါက အထွက်နှုန်း တိုးတက်ကောင်း မွန်လာမည်ဖြစ်ပြီး  မိရိုးဖလာစိုက်ပျိုးရေး နည်းစနစ်များဖြင့်သာ ကျေနပ်နေ၍မရဘဲ ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များ အသုံးပြု၍ အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မီသည့်  စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးစပါး တစ်ဧက တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး ဆောင်ရွက်ထားသော စံပြကွက် ဧက ၃၀ တွင် ဧရာမင်း၊ ဆင်းသုခ စပါးမျိုးများ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဥမ္မာကျော်(ပြန်/ဆက်)