မြဝတီ အောက်တိုဘာလ ၈
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြု လုပ်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် သင်္ဃန်းညီနောင် (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်က မိတ်ဆက် အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က Stay At Home အစီအစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို ကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ထားမှု အခြေအနေများ၊ အခြေခံပညာ အလယ်တန်းနှင့် အထက်ကျောင်းများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ နေရပ်ပြန်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြို့နယ်အတွင်း စားသောက်ဆိုင်များ ဖွင့်လှစ် ရောင်းချမှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်မြင့်ဌေးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး ကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ် က အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း မိမိတို့ ဌာနနှင့် ပတ်သက်သည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူမှပြန်လည်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက် )