ပြည် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သီရိခေတ္တရာရတနာ မြို့တော်ခန်းမနှင့် အထက(၁)ပြည် ဆေးထိုးစုရပ်နေရာနှစ်ခုတို့၌ ယနေ့ နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ယနေ့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပညာရေးဝန်ထမ်းမိသားစုများ၊ ကျန်းမာရေး ဝန်ထမ်းမိသားစုများ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ လက်ဖက်ရည်ဆိုင်/စားသောက် ဆိုင်ဝန်ထမ်းများ၊ သာသနာ့ ဝန်ထမ်းများ(သံဃာတော်/သီလရှင်)နှင့် ရွှေဆံတော်ဘုရား ဂေါပကအဖွဲ့၏ ဝန်ထမ်းများ/ စောင်းတန်း ဈေးသည်များ စသည့်အုပ်စုများကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ ဦးတည်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ဦးတည်အုပ်စုများဖြစ်သည့် ပညာရေးဝန်ထမ်းမိသားစုများ၊ ကျန်းမာရေးဝန်ထမ်း မိသားစုများ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများအား သက်ဆိုင်ရာ ဌာနအကြီးအကဲ ထောက်ခံချက်ဖြင့် လည်းကောင်း၊ လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်ဝန်ထမ်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ၏ ထောက်ခံချက် ဖြင့်လည်းကောင်း၊ ထိုနည်းတူ ရွှေဆံတော်ဘုရားမှ ဝန်ထမ်းနှင့် ဈေးသည်များအား ဂေါပကအဖွဲ့၏ ထောက်ခံချက်ဖြင့်လည်းကောင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရ သည်။
ပြည်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးမှုဖြင့် ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုအလိုက် ဆေးထိုးစုရပ်နေရာအသီးသီး၌ ဆက်လက်ထိုးနှံ ပေးသွားမှာဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆက်